ဂျက်စတင်တင်းဘားလိတ်က Super Bowl ဖျော်ဖြေမှုအတွင်း ပရင့်စ်ကို ဂုဏ်ပြုဖျော်ဖြေခဲ့ရာ အငြင်းပွားစရာဖြစ်ခဲ့ရ

ဂျက်စတင်တင်းဘားလိတ်က Super Bowl ဖျော်ဖြေမှုအတွင်း ပရင့်စ်ကို ဂုဏ်ပြုဖျော်ဖြေခဲ့ရာ အငြင်းပွားစရာဖြစ်ခဲ့ရ
Published 6 February 2018

ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် Super Bowl  အမေရိကန်ဘောလုံးချန်ပီယံရှစ်၏ ပွဲချိန်အလယ်ပိုင်း၌ ဖျော်ဖြေခဲ့သော ဂျက်စတင်တင်းဘာလိတ်သည် ကွယ်လွန်သူ အဆိုတော်ပရင့်စ်ကို ဂုဏ်ပြုသွားခဲ့ကြောင်း သိရသည်။

ယခုနှစ်၏ Super Bowl  ပွဲသည် ပေါ့အဆိုတော် ပရင့်စ်၏ မွေးရပ်ဖြစ်သော မီနီယာပိုလိစ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ပွဲမတိုင်မီကတည်းက တင်းဘားလိတ်သည် ၎င်း၏ Super Bowl  ဖျော်ဖြေပွဲတွင် ပရင့်စ်ကို ဂုဏ်ပြုဖျော်ဖြေခြင်း လုပ် မလုပ် နှင့်ပတ်သက်ပြီး ခန့်မှန်းထင်ကြေးပေးမှုများ မြင့်တက်နေခဲ့သည်။

“မီနီယာပိုလိစ်၊ ဒါဟာ သင်တို့အတွက်ပါပဲ” ဟု တင်းဘားလိတ်က ပြောကာ ပရင့်စ်၏ သီချင်းဖြစ်သော I Would Die 4 U အား စန္ဒားယားတီးရင်း သီဆိုခဲ့သည်။ တင်းဘာလိတ်သည် ထိုသီချင်းကို  Super Bowl  ပွဲ ကျင်းပသည့် US Bank အားကစားရုံသစ်ကြီး၏ အမိုးပေါ်မှ ပိတ်ကားကြီးတစ်ခုအား တွဲလောင်းချကာ ယင်းပိတ်ကားပေါ်တွင် ထိုသီချင်းအား ပရင့်စ်သီဆိုသည့်အပိုင်းအား ပြသပြီး နှစ်ယောက်တွဲပုံစံဖြင့် သီဆိုခဲ့ခြင်း ဖြစ်သည်။

ပရင့်စ်သည် ၎င်းအသက်ရှင်စဉ်က သေဆုံးပြီးသူတစ်ဦး၏ သုံးဘက်မြင်ပုံရိပ်နှင့်တွဲ၍ သီချင်းသီဆိုရသည်ကို လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ယင်းသည် မကောင်းဆိုးရွားဆန်ကြောင်း ပြောခဲ့ဖူးသူဖြစ်သည်။ သို့သော် ကွယ်လွန်ခဲ့ပြီဖြစ်သော ပရင့်စ်၏ ပုံရိပ်နှင့် တင်းဘာလိတ်က ယခုကဲ့သို့ နှစ်ယောက်တွဲပုံစံဖြင့် သီဆိုခဲ့သဖြင့် ပရင့်စ်၏ ပရိသတ်များက မကျေနပ်မှုများ ဖြစ်ခဲ့ကြသည်။ ပရင့်စ်သည် ၂၀၁၆ ခုနှစ် ဧပြီလက ဆေးလွန်၍ သေဆုံးခဲ့ခြင်းသည်။

တင်းဘားလိတ်သည် လွန်ခဲ့သည့် ၁၄ နှစ်က Super Bowl  ဖျော်ဖြေပွဲတွင် ဂျက်နက်ဂျက်ဆင်နှင့် တစ်ကြိမ်တွဲ၍ ဖျော်ဖြေခဲ့ဖူးသည်။ ထိုစဉ်က တင်းဘာလိတ်သည် ဂျက်နက်ဂျက်ဆင်၏ ရင်ပိုင်းကို လက်နှင့် ဆွဲချလိုက်ရာ သံဝိုင်းပြားလေးထိပ်တွင် တပ်ထားသော ဂျက်ဆင်၏ ရင်ဘက်တစ်ဖက်ပေါ်လာ ခဲ့မှုဖြစ်ပွားခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည့် ထိုဖြစ်စဉ်ကြောင့် CBS ရုပ်သံလိုင်းသည် မဖွယ်မရာမှုဖြင့် ဒေါ်လာ ၅၅၀၀၀၀ ဒဏ်ကြေးချခံခဲ့ရသည်။

Super Bowl  တွင် ဖျော်ဖြေရသည့် အဆိုတော် အများအပြားသည် မီးရှူးမီးပန်း အမြောက်အမြားကို အသုံးပြုခဲ့ကြသည်။ ယခုနှစ်တွင်မူ တင်းဘားလိတ်သည် မီးရှူးမီးပန်းများအစား ၎င်း၏ အကကျွမ်းကျင်မှုဖြင့် ဖျော်ဖြေသွားခဲ့သည်။ ဖျော်ဖြေမှု၏အစကိုမူ နိုက်ကလပ်ပုံစံ မီးအလှဆင်မှုများဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

Super Bowl  သည် အမေရိကန်တွင် လူကြည့်အများဆုံး ရုပ်သံထုတ်လွှင့်မှုတစ်ခု ဖြစ်သည်။ ထိုပြင် ကျေးဇူးတော်နေ့ပြီးလျှင် အမေရိကန်ပြည်ထောင်စု၌ အစားအသောက်စားသုံးမှု အများဆုံးနေ့တစ်နေ့လည်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent