ကေတီပယ်ရီက အယ်လ်ဘမ်သစ်နှင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်အကြောင်း ကြေညာ

ပေါ့ပ်အဆိုတော် ကေတီပယ်ရီက အယ်လ်ဘမ်သစ်နှင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ် စတင်မည့်အကြောင်းကို မေ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည့် Prism အယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီးနောက် လေးနှစ်အတွင်း ပထမဆုံးအယ်လ်ဘမ်ဖြစ်သည့် Witness ကိုဇွန် ၉ ရက်တွင် ဖြန့်ချိမည်ဟု အသက် ၃၂ နှစ်အရွယ်ရှိ ပယ်ရီက ပြောကြားခဲ့သည်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို စက်တင်ဘာ ၇ ရက်တွင် အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်စ်မြို့၌ စတင်မည်ဟုလည်း ပယ်ရီက ကြေညာခဲ့သည်။

ပယ်ရီသည် မြောက်အမေရိက ဖျော်ဖြေပွဲခရီးစဉ်ကို လာမည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဗန်ကူးဗားမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ ၎င်းသည်လာမည့်လတွင် အင်္ဂလန်၌ ပြုလုပ်မည့် Glastonbury ပွဲတော်တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။

ပယ်ရီသည် အယ်လ်ဘမ်သစ် ဖြန့်ချိမည့်အကြောင်းကို Follower ၉၈ သန်းရှိသည့် Twitter အကောင့်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပယ်ရီသည် အယ်လ်ဘမ်သစ်တွင် ပါဝင်မည့် Chained to the Rhythm နှင့် Bon Appetit သီချင်းကို ဖေဖော်ဝါရီ ၂၁ ရက်နှင့် ဧပြီ ၂၈ ရက်က ဖြန့်ချိခဲ့သည်။

Witness အယ်လ်ဘမ်သည် ၎င်း၏အသက် ၂၀ ကျော်ကာလများ ကုန်ဆုံးပြီးနောက် အသက် ၃၀ ကျော်ကာလများသို့ ရောက်ရှိလာသည့် ၎င်း၏ဘ၀အကြောင်း ထင်ဟပ်စေသည့် အယ်လ်ဘမ်ဟု ကယ်လီဖိုးနီးယားရှိ ကွန်ဆာဗေးတစ် ခရစ်ယာန်မိသားစုမှ မွေးဖွားခဲ့သည့် ကေတီပယ်ရီ (အမည်ရင်း Katheryn Hudson) ကပြီးခဲ့သည့် သီတင်းပတ်က ဖြန့်ချိခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်မလက်ခံယုံကြည်ခဲ့တယ်။ အရှုံးပေးခဲ့တယ်။ ကျွန်မမိသားစု၊ ကျွန်မအချစ်ရေးနဲ့ ပတ်သက်တဲ့အကြောင်းကိစ္စအချို့ကို ကုစားခဲ့တယ်” ဟု ပယ်ရီက Entertainment Weekly သို့ပြောကြားခဲ့သည်။

“ကျွန်မကေတီပယ်ရီကို ပိုမိုကြံ့ခိုင်သူဖြစ်အောင် ထူထောင်ခဲ့တယ်။ သူကအရမ်းကို ပျော်ဖို့ကောင်းတယ်။ ကျွန်မက ကေတီပယ်ရီအဖြစ်ရှိနေဆဲပါ။ ကျွန်မနာမည် Katheryn Hudson ဆိုတာက အဓိကအချက်ပါ။ ဒါကကျွန်မဘယ်သူလဲဆိုတာကို လက်ခံယုံကြည်တဲ့အနေနဲ့ ထုတ်ဖော်ပြောကြားမှုပါ” ဟု ၎င်းကပြောကြားခဲ့သည်။

Witness အယ်လ်ဘမ်တွင် ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဟီလာရီကလင်တန် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ခံစားချက်အကြောင်းရေးစပ်ထားသည့် သီချင်းတစ်ပုဒ် ပါဝင်မည်ဟုလည်း ပယ်ရီက ပြောကြားခဲ့သည်။ ပယ်ရီသည် ဟီလာရီကလင်တန်ကို ထောက်ခံအားပေးခဲ့သည့် ထင်ရှားကျော်ကြားသူများထဲမှတစ်ဦး ဖြစ်သည်။