အနုပညာလုပ်ငန်းများ ရပ်နားထားသည့် အကယ်ဒမီ သက်မွန်မြင့် မေလကုန်တွင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည်

အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် စီစဉ်ထားသည့် အကယ်ဒမီ သက်မွန်မြင့်၏ ကြော်ငြာရိုက်ကွင်းတစ်ခု

သမီးငယ်ဖြစ်သူ လ၀န်းမေအား ကိုယ်ဝန်ဆောင်ထားရချိန်မှစ၍ အနုပညာလုပ်ငန်းများ ရပ်နားထားသည့် အကယ်ဒမီသက်မွန်မြင့်သည် မေလကုန်တွင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

“သက်မွန်ကို ပရိသတ်တွေကလည်း အနုပညာ အလုပ်တွေ မလုပ်သေးဘူးလားလို့ ခဏခဏမေးကြတယ်။ သက်မွန်လည်း ဒီအလုပ်ကို အရမ်း ၀ါသနာပါတဲ့အတွက် လုပ်ချင်ပါတယ်။ အဓိက,ကတော့ သမီးလေး ငယ်သေးတာရယ်၊ ကိုယ်တိုင်လည်း ၀ိတ်မလျှော့နိုင်သေးတာရယ်ကြောင့် မရိုက်ဖြစ်သေးတာပါ။ အခုကတော့ အနုပညာအလုပ်တွေလည်း အရမ်းကြီး အဆက်ပြတ်မသွားချင်တာကြောင့် ပြန်ပြီးလုပ်မယ်လို့ ဆုံးဖြတ်ဖြစ်သွားတာ။ မေလကုန်မှာ ဇာတ်ကားတွေ ပြန်ပြီးရိုက်ပါမယ်။ ပထမဆုံး ဇာတ်ကားအနေနဲ့ကတော့ ချောင်းသာမှာသွားရိုက်မှာပါ။ ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး) နဲ့ပါ။ ပျော်စရာ ဇာတ်ကားလေးပါပဲ” ဟု အကယ်ဒမီ သက်မွန်မြင့်က ဆိုသည်။

အကယ်ဒမီသက်မွန်မြင့်၏ ပထမဆုံး ပြန်လည်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်မြင့်မြတ်၊ ကျော်ကျော်ဗို၊ ခင်လှိုင်တို့ တွဲဖက်ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် သက်မွန်မြင့်သည် တူမဖြစ်သူအား လိုက်လံ ထိန်းကျောင်းပေးရသည့် အဒေါ်အပျိုကြီးတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Writer: 
လင်းလင်းခိုင်