မေ၀ယ်သာနှင့် မက်ဂရီဂေါ် ထိုးသတ်မည့်ပွဲအတွက် မိမိကိုယ်တိုင် ဆွေးနွေးတော့မည်ဟု UFC ဥက္ကဋ္ဌဆို

မေ၀ယ်သာနှင့် ထိုးသတ်ခွင့်ရရန် ကြိုးပမ်းနေသည့် UFC လိုက်ဝိတ်ချန်ပီယံ မက်ဂရီဂေါ် (Photo: AFP)

ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေးပြိုင်ပွဲ (UFC) ဥက္ကဋ္ဌ ဒါနာဝှိုက်က UFC လိုက်ဝိတ်တန်းချန်ပီယံ မက်ဂရီဂေါ်အနေဖြင့် အမေရိကန်လက်ဝှေ့သမား မေ၀ယ်သာနှင့် ထိုးသတ်ရန် သဘောတူညီမှု ရယူနိုင်ခြင်းမရှိပါက မိမိကိုယ်တိုင်ပါဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အိုင်ယာလန်နိုင်ငံသား မက်ဂရီဂေါ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်ရရှိပြီးကတည်းက ပြိုင်ပွဲများယှဉ်ပြိုင်မှု ရပ်နားထားပြီး ရှုံးပွဲမရှိမှတ်တမ်းဖြင့် ကစားသမားဘ၀မှ အနားယူသွားပြီဖြစ်သည့် မေ၀ယ်သာနှင့် ထိုးသတ်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် ၎င်းတို့နှစ်ဦးအနေဖြင့် အပြီးသတ်သဘောတူညီမှုရရန် ကြန့်ကြာနေရာ ဒါနာဝှိုက်က မက်ဂရီဂေါ်အား မေ ၁၄ ရက်နောက်ဆုံးထား ဆွေးနွေးရန် အချိန်သတ်မှတ်ပေးခဲ့ပြီး အောင်မြင်မှုမရပါက မိမိကိုယ်တိုင် မေ၀ယ်သာနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကို တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ သဘောတူညီမှုမရဘူးဆိုရင်တော့ မေ၀ယ်သာရဲ့အဖွဲ့နဲ့ စတင်ဆွေးနွေးမှာပါ။ ဒီကာလအတွင်း တကယ်လုပ်ဆောင်မယ်ဆိုရင် တစ်စုံတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ တနင်္လာနေ့ကျရင် ကျွန်တော်ကိုယ်တိုင် မေ၀ယ်သာရဲ့အဖွဲ့ဆီသွားပြီး အတူဆွေးနွေးမှာပါ။ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်နေပါသေးတယ်။ အကယ်၍ အာမခံချက်မရဘူးဆို ရင် တစ်ခုခုတော့ ဆက်လုပ်ရမှာပါ။ ဒီကိစ္စတစ်ခုတည်းအတွက် အချိန်အများကြီးပေးနေလို့မရဘဲ တခြားကိစ္စတွေကိုလည်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်” ဟု ဒါနာဝှိုက်က ပြောကြားသည်။