၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလကုန်ခန့် နောက်ဆုံးထားပြုလုပ်ရန် စီစဉ်ထား

၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလကုန်ခန့် နောက်ဆုံးထားပြုလုပ်ရန် စီစဉ်ထား
Published 5 February 2018

၂၀၁၇ ခုနှစ်အတွက် ပေးအပ်သွားမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီအတွက် စိစစ်အကဲဖြတ်မှုများအား ပြုလုပ်လျက်ရှိရာတွင် ဖေဖော်ဝါရီလကုန်ခန့်နောက်ဆုံးထား ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲ အား မတ်လဆန်းတွင် ပြုလုပ်ရန်ရည်ရွယ်ကာ ပြင်ဆင်လျက်ရှိပြီး စိစစ်အကဲဖြတ်မှုများအား ဇန်နဝါရီလအတွင်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၁၇ ခုနှစ် အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကား အရေအတွက်မှာ ၅၃ ကားရှိပြီး ဆုအမျိုးအစားအလိုက် အကြိမ်ကြိမ် စိစစ်အကဲဖြတ်မှုများအား ပြုလုပ်နေခြင်း ဖြစ်သည်။

“အကယ်ဒမီစိစစ်အကဲဖြတ်မှုတွေက နေ့စဉ်ပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီလကုန်လောက် နောက်ဆုံးထားပြုလုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီကြားထဲမှာတော့ အကြိမ်ကြိမ် စိစစ်အကဲဖြတ်မှုတွေ ပြုလုပ်နေမှာပါ။ မတ်လဆန်းမှာ ပွဲလုပ်ဖို့ရည်ရွယ်ထားတာဖြစ်တာကြောင့် အကဲဖြတ်တာတွေကိုတော့ ဖေဖော်ဝါရီလကုန်မှာပဲ အပြီးရွေးချယ်နိုင်ဖို့ ကြိုးစားနေတာပါ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ရှင်းပြခဲ့သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ် စိစစ်ရာတွင် ပါဝင်လျက်ရှိသည့် အကယ်ဒမီဒေါ် ဝါဝါ၀င်းရွှေကလည်း “အန်တီဝါ့အနေနဲ့ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့စိတ်အပြည့်ရှိတယ်။ ဒါကြောင့်လည်း ကျန်းမာရေးမကောင်းတဲ့ကြားကပဲ အကယ်ဒမီစိစစ်အဖွဲ့မှာ ပါဝင်ဖြစ်တာပါ။ ခေတ်တွေပြောင်းလာတဲ့အတွက် ဇာတ်ကားဖန်တီးမှုပုံစံတွေလည်း ပြောင်းလဲလာသလို အရည်အသွေးပိုင်း၊ စက်ပစ္စည်းပိုင်းဆိုင်ရာတွေလည်း အများကြီးပြောင်းလဲ တိုးတက်လာပါတယ်။ အန်တီဝါကတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အနုပညာပိုင်းဆိုင်ရာ အရည်အသွေးကိုပဲ အဓိကထားစိစစ်အကဲ ဖြတ်ပါတယ်” ဟု ဆိုသည်။

Most Read

Most Recent