အဆိုတော်တစ်ဦးဖြစ်ရန် ကြိုးပမ်းသည့် အိန္ဒိယမွတ်စလင်ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Secret Superstar ဇာတ်ကားသည် တရုတ်တွင် စတင်ဖြန့်ချိခဲ့သည့် ဇန်နဝါရီ ၁၉ ရက်မှစပြီး တရုတ်လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ ထိပ်တန်းနေရာ၌ ရပ်တည်ခဲ့သည်။ ယင်းဇာတ်ကားသည် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာသန်း ၇၀ ကျော်ရရှိခဲ့ပြီး Star Wars: Last Jedi ကို ကျော်တက်ခဲ့သည်ဟု လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းများကို လေ့လာသုံးသပ်သည့် Maoyan က ထုတ်ပြန်ခဲ့သည်။
Zaira Wasim၊ Meher Vij၊ Raj Arjun နှင့် အမီယာခန်းတို့ ပါဝင်သည့် ယင်းဇာတ်ကားတွင် အမျိုးသမီးတန်းတူ အခွင့်အရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု အကြောင်းအရာများကိုလည်း ထည့်သွင်းရိုက်ကူးထားသည်။ ယင်းဇာတ်ကားသည် တရုတ်ဈေးကွက်တွင် ဖြန့်ချိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ ဘောလိဝုဒ်ဇာတ်ကား ဖြစ်လာခဲ့သည်။ ယင်းဇာတ်ကားသည် Dangal ပြီးလျှင် တရုတ်၌ ဒုတိယမြောက်ဝင်ငွေ အများဆုံးရရှိခဲ့သည့် ဇာတ်ကားဖြစ်လာခဲ့သည်။ အမီယာခန်း၏ Dangal ဇာတ်ကားသည် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဝင်ငွေဒေါ်လာ ၁၉၃ သန်း ရရှိခဲ့သည်ဟု Box Office Mojo က ထုတ်ပြန်ခဲ့သည်။ စံသတ်မှတ်သည့် စာမေးပွဲများတွင် ချမ်းသာသည့် ကလေးများလိမ်လည်မှုကို အလွန်ထက်မြက်သည့် ဆင်းရဲသား ကျောင်းသားနှစ်ဦးက ကူညီသည့်အကြောင်း ရိုက်ကူးထားသည့် ထိုင်းမှုခင်း ဇာတ်မြူးဇာတ်ကား Bad Genius က ပြီးခဲ့သည့်နှစ် တရုတ်လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဒေါ်လာ ၄၁ သန်း ရရှိခဲ့သည်။ စပိန်သည်းထိတ်ရင်ဖိုဇာတ်ကား Contratiempo သည် ပြီးခဲ့သည့် ၁၂ လတွင် တရုတ်လက်မှတ် ရောင်းချမှုဝင်ငွေစာရင်း၌ ဒေါ်လာ ၂၆ သန်း ရရှိခဲ့သည်ဟု Box Office Mojo က ထုတ်ပြန်ခဲ့သည်။
ဟောလိဝုဒ်မှ အင်္ဂလိပ်စကားပြော ဇာတ်ကားများသည် တရုတ်တွင် အဓိကကျသော ပြည်ပဇာတ်ကားများအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ ဟောလိဝုဒ်၏ Fast & Furious ဇာတ်ကားနှစ်ကားသည် တရုတ်နိုင်ငံတွင် သမိုင်းတစ်လျှောက်ဝင်ငွေ အကောင်းဆုံးဇာတ်ကား ငါးကားတွင် ပါဝင်ခဲ့သည်။ သို့သော် Star Wars ဇာတ်ကားများမှာမူ မှန်းထားသလောက် ဝင်ငွေမရရှိခဲ့ပေ။ အန်နီမေးရှင်းဇာတ်ကား Coco သည် ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၌ ဝင်ငွေ ဒေါ်လာ သန်း ၁၉၀ ခန့် ရရှိခဲ့သည်။