ဒါရိုက်တာ အောင်မြတ်နှင့် တွေ့ဆုံခြင်း

ဒါရိုက်တာ အောင်မြတ်နှင့် တွေ့ဆုံခြင်း
Published 31 January 2018

Music Video တွေကို မတူညီတဲ့ တင်ဆက်မှု ပုံစံသစ်တွေ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ရိုက်ကူးပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာတွေထဲမှာ ဒါရိုက်တာအောင်မြတ်လည်း တစ်ယောက်အပါအဝင်ပါ။ ၂၀၁၅ ခုနှစ်ကစလို့ Music Video တွေ ရိုက်ကူးရာက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အနုပညာလောကထဲမှာ နေရာတစ်ခုရရှိလာတဲ့ အောင်မြတ်က သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စာရေးဆရာမပုညခင်ရဲ့ ဝတ္ထုဖြစ်တဲ့ ‘အနမ်းဝိုင်’ ကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးခဲ့ပါတယ်။ ‘အနမ်းဝိုင်’ ရုပ်ရှင်ကို ဖေဖော်ဝါရီ ၂ ရက်ကစလို့ ပရိသတ်တွေ ကြည့်ရှုရတော့မှာ ဖြစ်လို့ ‘အနမ်းဝိုင်’ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် ဒါရိုက်တာအောင်မြတ်ရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - Music Video တွေ ရိုက်ကူးနေရာကနေ ‘အနမ်းဝိုင်’ ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့တာလေးကို သိပါရစေ။

ဖြေ - ၂၀၁၅ ခုနှစ်လောက်က ကျွန်တော်က Music Video နဲ့ ကြော်ငြာတွေပဲ ရိုက်ဖြစ်နေခဲ့ရင်းနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ချင်တဲ့ စိတ်လည်းဖြစ်နေချိန်မှာ ဆရာမမပုညခင်က သူ့ရဲ့ ‘အနမ်းဝိုင်’ ဝတ္ထုကို စိန်ဌေးကရိုက်မယ်ဆိုတဲ့အချိန်မှာ အဲဒီဇာတ်ကို ကျွန်တော်ကိုယ်တိုင်က ဖတ်ဖူးပြီးသား တောင်ကြီးတန်ဆောင်တိုင်၊ စပျစ်ခြံတွေနဲ့ လှလှပပ ရိုက်ကူးရမယ့် ဇာတ်ဖြစ်တယ်ဆိုတော့ တောင်ကြီးကလာတဲ့ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကို ဖော်ပြခွင့်ရမယ်ဆိုတော့ ဝမ်းသာခဲ့ရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေးကို ၂၀၁၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလမှာ စပြီးရိုက်ကူးဖြစ်ခဲ့ပါတယ်။

■ မေး - ဒီဇာတ်ကားက ကိုယ့်ဒေသရဲ့ ရှုခင်းအလှအပတွေကို ထည့်သွင်းရိုက်ကူးခွင့်ရတဲ့ ဇာတ်ကားဆိုတော့ ရိုက်ကွင်းနေရာတွေနဲ့ ပတ်သက်ပြီး ရွေးချယ်ဖြစ်ခဲ့တာလေးတွေကို ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်လမ်းမှာပါဝင်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဆိုရင် အဲဒီပွဲတော်ကျင်းပနေတဲ့ ကွင်းထဲမှာပဲ တိုးတိုးဝှေ့ဝှေ့ တောင်းတောင်းပန်ပန်နဲ့ သေချာရိုက်ကူးခဲ့တယ်။ အဓိက,ကတော့ ဇာတ်ဝင်ခန်းမှာပါဝင်တဲ့ နေရာဒေသတွေကို သေချာလေး ပုံဖော်နိုင်ဖို့ ကျွန်တော်ကြိုးစားပြင်ဆင်ခဲ့တယ်။ စပျစ်ခြံမှာရိုက်ကူးတဲ့အခါမှာလည်း စပျစ်သီးတွေ ခူးလို့ရတဲ့အချိန် ရာသီဥတုကောင်းပြီး စပျစ်ရွက်တွေလည်း လှတဲ့အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ သွားပြီးရိုက်ကူးခဲ့တာပါ။ အဲဒီလို ရိုက်ကွင်းအလှအပတွေအတွက် ဒီဇာတ်ကားကို ပထမရိုက်ကူးရက် ၁၀ ရက်ကျော်နဲ့ ဒုတိယ ရိုက်ကူးရက်တွေကြားမှာ အချိန်နှစ်လကြာခြားပြီး ရိုက်ကူးခဲ့ရတာပါ။ နောက်ပြီး ဒီဇာတ်ကားထဲမှာပါတဲ့ ပအို့တိုင်းရင်းသားရွာဖြစ်တဲ့ ကျောက်ကခြားဆိုရင်လည်း တောင်ကြီးကနေ သုံးနာရီကျော်လောက်သွားရတဲ့ နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီး အိမ်လေးတွေနဲ့ တည်ဆောက်ပုံကအစ လှလှပပလေး ထူးထူးခြားခြားလေးဖြစ်တဲ့ဒေသကို သေချာရွေးပြီး ရိုက်ကူးခဲ့တာပါ။

■ မေး - ကိုယ့်ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့အတွက် ဘယ်လိုတွေ ကြိုးစားပြင်ဆင်ခဲ့ရလဲ သိချင်ပါတယ်။

ဖြေ - ရုပ်ရှင်ဇာတ်ကားမရိုက်ကူးခင်တည်းက ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို သေချာဖတ်ပြီး ဇာတ်ဝင်ခန်းတစ်ခုချင်းစီအတွက် အသေးစိတ် အချက်အလက်တွေပါတဲ့ Story Book ကို ရေးပါတယ်။ ရိုက်ကွင်းနေရာအတွက်လည်း သေချာပြင်ဆင်တယ်။ ဇာတ်ကောင်စရိုက်အလိုက် ဝတ်စားဆင်ယင်မှု အပိုင်းတွေ၊ ပြင်ဆင်ခြယ်သမှုအပိုင်းတွေ ဇာတ်ဝင်ခန်းတစ်ခုချင်းစီအတွက် သေချာပြင်ဆင်ခဲ့ပါတယ်။ မရိုက်ကူးခင်မှာ Story Book ကို တစ်ကားလုံးစာ သေချာပြင်ဆင်ပြီး အားလုံးကိုပေးထားတယ်။ နောက်ပြီး ပါဝင်တဲ့ အနုပညာရှင်တွေကိုရော ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ပူးပေါင်းပါဝင်ပံ့ပိုးမယ့် ဖက်ရှင်၊ မိတ်ကပ်၊ စက်အဖွဲ့သားတွေအကုန်လုံးနဲ့ ဆွေးနွေးခဲ့တယ်။ Pre Production ပိုင်းကို သေချာပိုလုပ်ခဲ့တဲ့အတွက် ရိုက်ကွင်းပေါ်မှာ အဆင်ပြေခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုမှာ ကျွန်တော်က အသစ်တစ်ယောက်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အမှားနည်းနိုင်သမျှနည်းအောင် သေချာပြင်ဆင် ကြိုးစားခဲ့ပါတယ်။

■ မေး - ‘အနမ်းဝိုင်’ ရုပ်ရှင်ရိုက်ကူးချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲကရော ဘာတွေဖြစ်မလဲ။

ဖြေ - အရင်ကတော့ ကျွန်တော့်အနေနဲ့ လေး၊ ငါးနှစ်လောက် ကြိုးစားလေ့လာရင်းနဲ့ သုံးမိနစ်အတွင်းမှာ သီချင်းတစ်ပုဒ်ကို ပုံဖော်ရတဲ့ Music Video တွေကိုပဲ ရိုက်ကူးဖြစ်ခဲ့ရာကနေ အချိန်နှစ်နာရီကျော်ဝန်းကျင် ရုပ်ရှင်ဇာတ်ကားကို ရိုက်ရတဲ့အခါမှာ အဲဒီပြသချိန်အတွင်းမှာ ဇာတ်ရဲ့အနိမ့်အမြင့်ကိုချိန်ရတဲ့ အပိုင်းတွေက ကျွန်တော့်အတွက် အရေးကြီးလာတယ်။ နောက်ပြီး ရိုက်ကူးရေးကာလကလည်း ရက်ရှည်ဖြစ်တဲ့အခါ ရိုက်ကူးရေးတစ်ဖွဲ့လုံးကို အုပ်ချုပ်ရတဲ့အပိုင်းတွေရော ငွေကြေးပိုင်း ကိုင်တွယ်ရတာတွေက ကျွန်တော့်အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာမှ အချိန်ကာလနှစ်ခုခွဲပြီး ရိုက်ကူးရတာဖြစ်လို့ အခက်အခဲလေးတွေ ရှိပါတယ်။

■ မေး - ဇာတ်ကားတစ်ကားတည်းကိုပဲ ကြားထဲမှာ အချိန်ကာလတစ်ခုနားပြီး နှစ်ပိုင်းခွဲရိုက်ရတဲ့အခါ အခက်အခဲဖြစ်တာရှိလား။

ဖြေ - တစ်ဝက်ခွဲရိုက်တယ်ဆိုတာထက် ဘာကြောင့်ဒီလိုရိုက်ရတာလဲဆိုတာက ပိုအရေးကြီးတာပါ။ ဇာတ်လမ်းလိုအပ်ချက်အရ အပင်ပန်းခံပြီး သေချာရိုက်ကူးခဲ့ရတာပါ။ ဇာတ်လမ်းမှာပါတဲ့ နောက်ခံရှုခင်းတွေက ဇာတ်ကိုပိုပြီး ပံ့ပိုးနိုင်အောင်လို့ သေချာပြင်ဆင် ရိုက်ကူးခဲ့တာပါ။

■ မေး - ဒီဇာတ်ကားကို ပြန်ကြည့်တဲ့အခါ ဘယ်လောက်အထိ စိတ်ကျေနပ်မှုရှိလဲ။

ဖြေ - ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ ပြန်ကြည့်တဲ့အခါ ကိုယ်တိုင်ကြိုးစားခဲ့တာတွေအတွက် ပီတိဖြစ်ရတယ်။ လိုအပ်ချက်လေးတွေကတော့ ပြန်တွေ့နေရတာပါပဲ။ လုပ်ထားပြီးသလောက်ကို ပြန်ကြည့်ပြီးတော့ကိုယ်တိုင်က အားဖြစ်ရတာပဲ။ အဲဒီအပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှု ဘယ်လိုရမလဲဆိုတာကိုတော့ မျှော်လင့်နေပါတယ်။

■ မေး - ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားက လူငယ်တွေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြုံးပြုံးလေးနဲ့ ကြည့်နိုင်မယ့်ဇာတ်ကားလေးပါ။ ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားကြည့်ရှုဖို့ လာအားပေးစေချင်ပါတယ်။ ထူးထူးခြားခြားလေးနဲ့ လူငယ်ဆန်ဆန် Romantic ဖြစ်မယ့် ဇာတ်ကားလေးဖြစ်အောင် ကျွန်တော်တို့အားလုံး ကြိုးစားထားပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်။ ဒီဇာတ်ကားအပေါ် ပရိသတ်ရဲ့ တုန့်ပြန်မှုကို အရမ်းမျှော်လင့်ပါတယ်။

Most Read

Most Recent