ဂရမ်မီဆုပေးပွဲတွင် ဘရူနိုမားစ်က ဆုခြောက်ဆုကို အံ့အားသင့်ဖွယ် သိမ်းပိုက်ခဲ့

ဂရမ်မီဆုပေးပွဲတွင် ဘရူနိုမားစ်က ဆုခြောက်ဆုကို အံ့အားသင့်ဖွယ် သိမ်းပိုက်ခဲ့
Published 30 January 2018

Retro Funk နှင့် R&B တေးဂီတတို့ကို မျိုးဆက်သစ်များအတွက် ပြန်လည်အသက်ဝင်စေခဲ့သည့် ဘရူနိုမားစ်သည် ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် အံ့အားသင့်စရာကောင်းလောက်အောင် ဆုပေါင်းများစွာကို ရရှိခဲ့သည်။

ဘရူနိုမားစ်သည် ဂရမ်မီဆုပေးပွဲည၏ ထိပ်တန်းဆုများဖြစ်ကြသော တစ်နှစ်တာ တေးအယ်ဘမ်ဆု၊ တစ်နှစ်တာသီချင်းဆု၊ Record of the Year ဆုများကို ၎င်း၏ 24K Magic အယ်လ်ဘမ်၊ That's What I Like သီချင်းတို့ဖြင့် ရရှိသွားခဲ့ပြီး စုစုပေါင်း ဂရမ်မီဆု ခြောက်ဆုကို သိမ်းပိုက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် ဘရူနိုမားစ်သည် နေကာမျက်မှန်ကိုတပ်ကာ တောက်ပစွာပြုံးလျက် ၎င်း၏ ပထမဆုံးဖျော်ဖြေမှုမှာ ၎င်းကလေးဘဝက နေရပ် ဟာဝိုင်ယီတွင် ကမ္ဘာလှည့်ခရီးသည်များအား ဖျော်ဖြေခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

မားစ်သည် ဆန်ခါတင် ရွေးချယ်ခံရသည့် ဆုအမျိုးအစားအားလုံးတွင် ဆုရရှိသွားခဲ့ခြင်းလည်းဖြစ်သည်။ ဟစ်ဟော့ပ် အဆိုတော် ဂျေးဇီးမှာမူ ဆန်ခါတင်ဆုရှစ်ခုတွင် ပါဝင်ခဲ့သော်လည်း ဆုတစ်ဆုမှ မရရှိခဲ့ပေ။

ရက်ပ်အဆိုတော် ကန်းဒရစ်လာမာသည်လည်း ထိုဆုပေးပွဲညက ဂရမ်မီဆုငါးဆုအား အိမ်သို့ သယ်ဆောင်သွားနိုင်ခဲ့သည်။ ကန်းဒရစ်လာမာသည် Rap တေးဂီတနှင့်ဆိုင်သည့် ဆုအားလုံးကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းလည်းဖြစ်သည်။ ကန်းဒရစ်လာမာ ဆွတ်ခူးနိုင်သည့် ဆုများထဲတွင် ၎င်း၏ DAMN အယ်ဘမ်ဖြင့် ရသွားခဲ့သော အကောင်းဆုံး Rap တေးအယ်ဘမ်ဆုလည်း ပါဝင်ခဲ့သည်။

အိမ်ခန်းထဲတွင် ရိုက်ကူးထားသော တေးသီချင်းများကို YouTube ပေါ်သို့တင်ရာမှ လူသိများလာခဲ့သည့် အသက် ၂၁ နှစ်အရွယ် Alessia Cara မှာမူ လူအများက စောင့်ကြည့်နေကြသည့် အကောင်းဆုံးမျက်နှာသစ် တေးဂီတဆုကို ရရှိသွားခဲ့သည်။

ဂရမ်မီဆုရရှိသူများကို ဆုံးဖြတ်ရန် Recording Academy မှ ဂီတပညာရှင် ၁၃၀၀၀ ကျော်က မဲပေးရွေးချယ် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၏ ဂရမ်မီဆုပေးပွဲညသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ရန် ကြီးထွားလာသော အမျိုးသမီးတို့၏ #MeToo လှုပ်ရှားမှုက လွှမ်းမိုးထားခဲ့သည်။

အထူးသဖြင့် အဆိုတော်ကတ်ရှာသည် ၎င်း၏ Praying သီချင်းဖြင့် ဝမ်းနည်းဖွယ်ကောင်းအောင် သီဆိုသွားခဲ့ပြီး ထိုသီချင်းတင်ဆက်မှုတွင် အဖြူဝတ်ဆင်ထားသော အခြားနာမည်ကျော် အဆိုတော်အမျိုးသမီးများကလည်း ဝိုင်းဝန်းသီဆိုပေးခဲ့သည်။ ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်သည့်သီချင်းဖြစ်သော Praying သည် Dr.Luke ကို ရှင်းရှင်းလင်းလင်း တိုက်ရိုက်ညွှန်းဆိုထားခဲ့သည်။ ကတ်ရှာက ၎င်း၏ထုတ်လုပ်သူဖြစ်ခဲ့သော Dr.Luke မှာ ၎င်းကိုမုဒိမ်းကျင့်ကာ စိတ်ပိုင်းဆိုင်ရာညှင်းဆဲမှုများ လုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

Most Read

Most Recent