တေးသံရှင်နီနီခင်ဇော်၏ Retro Redvolution Show Pre Order လက်မှတ်အား ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိရောင်းချမည်

တေးသံရှင်နီနီခင်ဇော်၏ Retro Redvolution Show Pre Order လက်မှတ်အား ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိရောင်းချမည်
Published 30 January 2018

တေးသံရှင်နီနီခင်ဇော်၏ Retro Redvolution Show ဖျော်ဖြေပွဲအတွက် Pre Order လက်မှတ်များအား ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ Retro Redvolution Show ကို ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး နေရာအကန့်အသတ်ရှိသဖြင့် ပရိသတ် ၁၀၀၀ ခန့်ကိုသာ လက်မှတ်ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအတွက် Pre Order လက်မှတ်များအား စတင်ရောင်းချပြီးမှသာ Public Sales ရောင်းချရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“နီနီတို့ အခုလုပ်မယ့် Retro Redvolution Show ကိုလည်း အရင်နှစ်လိုပဲ Pre Order လက်မှတ်တွေ ရောင်းချသွားပါမယ်။ ဒီနှစ်မှာလုပ်မယ့်ဖျော်ဖြေပွဲက Broadway ပုံစံတွေ၊ Musical ပုံစံတွေ တင်ဆက်မှာဖြစ်တဲ့အတွက် Theater အရသာဖြစ်အောင် တင်ဆက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နီနီတို့ အမျိုးသားကဇာတ်ရုံမှာပြုလုပ်ဖို့ ရွေးချယ်ရတာလည်း ဖြစ်ပါတယ်။ ဒီအတွက်ပရိသတ် ၁၀၀၀ လောက်ကိုပဲ လက်မှတ်ရောင်းချနိုင်တော့မှာပါ။ Pre Order လက်မှတ်တွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိမှာ ယူနိုင်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၈ ရက်အထိကို Confirm ပြန်လုပ်ပြီး လက်မှတ်တွေ ထုတ်ယူနိုင်ပါမယ်။ ဖေဖော်ဝါရီ ၁၉ ရက်က စတင်ပြီးတော့ Public Sales ဆက်လက် ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။ လက်မှတ်က အကန့်အသတ်ရှိတဲ့အတွက် စောစောဝယ်ယူထားသူတွေက ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။ အခုတစ်ခေါက်ပြုလုပ်မယ့် ပွဲအတွက်ကို နီနီတို့ခြောက်လလောက် ပြင်ဆင်ထားပါတယ်။ အခုသုံးလလောက်အလို ကတည်းက စတင်ပြီး ပွဲမှာ ပူးပေါင်းပါဝင်သွားမယ့် နိုင်ငံတကာက အကပညာရှင်တွေ၊ ဂီတပညာရှင်တွေနဲ့အတူ လေ့ကျင့်မှုတွေ ထပ်မံပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပွဲချိန်နှစ်နာရီခွဲအတွင်းမှာ ကြည့်ရတာတန်တဲ့၊ ကျေနပ်စေမယ့်ပွဲမျိုးဖြစ်အောင် တင်ဆက်သွားမှာပါ” ဟု တေးသံရှင်နီနီခင်ဇော်က ဆိုသည်။

တေးသံရှင်နီနီခင်ဇော်၏ Retro Redvolution Show အတွက် လက်မှတ်နှုန်းထားများအား အကြမ်းဖျင်းအားဖြင့် ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းအထိ သတ်မှတ်ထားပြီး အသေးစိတ်ကို Redvolution Show By Ni Ni Khin Zaw Page မှတစ်ဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် Hotline သို့ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကာ Page မှတစ်ဆင့် Message ပို့ကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Retro Redvolution Show တွင် တေးသံရှင် နီနီခင်ဇော်က We Love Ni Ni Khin Zaw မှ ပရိသတ်များနှင့် အခြားသော အမာခံပရိသတ်များအတွက် ဖျော်ဖြေပွဲတွင် အနီးဆုံး အားပေးနိုင်မည့် အစီအစဉ်အားလည်း ထည့်သွင်းမည်ဖြစ်ပြီး ပရိသတ်များအား အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် မေးခွန်းများ ဖြေဆိုစေကာ ဖြေဆိုနိုင်သူများအား လက်မှတ်များ ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အတွက် လူဦးရေ ၁၅၀ ခန့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ Retro Redvolution Show ကို ရွှေစင်အင်တာတိန်းမန့်မှ စီစဉ်ခြင်းဖြစ်ပြီး Broadway ပုံစံတင်ဆက်မှုများ၊ Musical ပိုင်းတင်ဆက်မှုများအား အပိုင်းတစ်ပိုင်းအဖြစ် ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။