လီမင်ဟို မေတွင် စစ်မှုတာဝန် စတင်ထမ်းဆောင်မည်

တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုသည် မေတွင် ဆိုးလ်တောင်ပိုင်းရှိ Gangnam - gu ရုံး၌ လူထုဆက်ဆံရေး အရာရှိအဖြစ် စစ်မှုတာဝန် စတင်ထမ်းဆောင်မည်ဟု ၎င်း၏အေဂျင်စီ MYM Entertainment က ဧပြီ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

“လီက မေ  ၁၂ ရက်မှာ စစ်မှုတာဝန် ထမ်းဆောင်မှာဖြစ်ပြီး Military Man-power Adminiatration က ချမှတ်ထားတဲ့ စစ်သင်တန်း သီတင်းလေးပတ်ကို တက်ရောက်မှာပါ” ဟု MYM က ထုတ်ပြန်ခဲ့သည်။

လီသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခု နှစ်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများတွင် ပေါင်နှင့် ခြေချင်းဝတ်၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှုကြောင့် တိုက်ခိုက်ရေး မဟုတ်သည့်ဌာနတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ၎င်း၏ အေဂျင်စီက ရှင်းပြခဲ့သည်။

“ကျွန်တော် မကြာခင် စစ်မှုတာ ၀န်ထမ်းဆောင်ရတော့မယ်။ ပရိသတ်တွေကို နှုတ်ဆက်စကားပြောဖို့အတွက် စိတ်မကောင်း ဖြစ်ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် စစ်မှုမထမ်းခင် အနုပညာအလုပ်တွေ လုပ်ချင်သေးတယ်” ဟု အသက် ၂၉ နှစ် အရွယ်ရှိ လီက ပြောကြားခဲ့သည်။

လီသည် မကြာမီကပင် MBC ရုပ်သံ၏ မှတ်တမ်းရုပ်ရှင် DMZ, the wild အတွက် ဇာတ်ကြောင်းပြန်သူအဖြစ် အသံသွင်းပေးခဲ့သည်။ လီသည် ၂၀၀၃ ခုနှစ်တွင် Secret Campus ဇာတ်လမ်းတွဲ၌ ပွဲဦးထွက်ပါဝင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် Boys Over Flowers ဇာတ်လမ်းတွဲဖြင့် အောင်မြင်ကျော်ကြားခဲ့သည်။

လီမင်ဟိုသည် miss A အဖွဲ့ဝင် ဆူစီနှင့် မေတ္တာမျှနေသည်ဟု ၂၀၁၅ ခုနှစ် အစောပိုင်းက အတည်ပြုခဲ့သည်။