တစ်ခေတ်တစ်ခါက အောင်မြင်မှုများစွာရရှိခဲ့သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်ကို သန်လျင်ကျိုက်ခေါက်ပွဲတော်၌ ဖိုးချစ်ဇာတ်သဘင်အဖွဲ့ တင်ဆက်ကပြမည်

တစ်ခေတ်တစ်ခါက အောင်မြင်မှုများစွာရရှိခဲ့သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်ကို သန်လျင်ကျိုက်ခေါက်ပွဲတော်၌ ဖိုးချစ်ဇာတ်သဘင်အဖွဲ့ တင်ဆက်ကပြမည်
Published 26 January 2018

ဖိုးချစ်ဇာတ်သဘင်၏ ပြဇာတ်တင်ဆက်မှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စုမှူးနိုင်)

တစ်ခေတ်တစ်ခါက အောင်မြင်မှုများစွာရရှိခဲ့သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်ကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိကျင်းပမည့် သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်၌ ဖိုးချစ်ဇာတ်သဘင်အဖွဲ့က တင်ဆက်ကပြမည်ဟု သိရသည်။

‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်သည် ဆရာမြသန်းတင့်၏ နာမည်ကျော်ဝတ္ထုဖြစ်ပြီး ယင်းဝတ္ထုကို ၁၉၈၅ ခုနှစ်ဝန်းကျင်ကာလများက မောင်ယဉ်အောင် (မြို့တော်) က ဇာတ်ညွှန်းရေးကာ မြို့တော်ဇာတ်သဘင်အဖွဲ့တွင် ပြဇာတ်အဖြစ် တင်ဆက်ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့သည့် ပြဇာတ်ဖြစ်သည်။

ယင်းပြဇာတ်ကပြခဲ့ပြီး နှစ်နှစ်ခန့်နီးပါးတွင် မင်းသားကြီးကျော်ဟိန်းက ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာတွင်လည်း အောင်မြင်မှုများစွာရရှိခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်ဟု သိရသည်။

“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က ဆရာမြသန်းတင့်ဆီမှာ ခွင့်တောင်ပြီး မြို့တော်ဇာတ်အဖွဲ့မှာ ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပြဇာတ်အဖြစ်တင်ဆက်ခဲ့တဲ့ ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ကို ဖိုးချစ်က ပြဇာတ်အဖြစ် ပြန်လည်ကပြဖို့ တောင်းဆိုတာကြောင့် အခုပြန်ကဖို့အတွက် စီစဉ်ဖြစ်တာပါ။ အဲဒီပြဇာတ်ကို မြို့တော်ဇာတ်မှာကခဲ့တုန်းကတော့ အရမ်းကိုအောင်မြင်ခဲ့ပြီး ဆရာမြသန်းတင့်၊ ဆရာဒဂုန်တာရာ၊ မင်းသားဝင်းဦးတို့တွေလည်း လာပြီးကြည့်ကြတယ်။ ကြည့်ဖူးခဲ့တဲ့ပရိသတ်တွေက ဒီနေ့အထိ မေးနေပြောနေတဲ့ ပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။ အခုတော့ သန်လျင်ကျိုက်ခေါက်ပွဲမှာကပြနိုင်ဖို့ သူတို့တွေ နေ့ညမနား သေချာပြင်ဆင်နေကြတယ် ဇာတ်တိုက်နေကြတယ်” ဟု ယင်းပြဇာတ်၏ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်) ကဆိုသည်။

‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်တွင် ဆက်တင်အခမ်းအနားများဖြင့် တင်ဆက်နိုင်ရန်လည်း ပြင်ဆင်ထားသည်ဟု သိရသည်။

“သန်လျင်ကျိုက်ခေါက်ပွဲမှာ ဖိုးချစ်ဇာတ်သဘင်အဖွဲ့က ခြောက်ညပါဝင်ကပြမှာပါ။ အဲဒီခြောက်ညမှာ ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ပြဇာတ်ကို နှစ်ရက်တင်ဆက်သွားမှာပါ” ဟု ဖိုးချစ်ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုမင်းကဆိုသည်။

Most Read

Most Recent