ကိုရီးယားသရုပ်ဆောင် ဆောင်ဆန်ဟွန်နှင့် တရုတ်မင်းသမီး လျူယီဖေး လမ်းခွဲ

ကိုရီးယားသရုပ်ဆောင် ဆောင်ဆန်ဟွန်နှင့် တရုတ်မင်းသမီး လျူယီဖေး လမ်းခွဲ
Published 26 January 2018

ကိုရီးယားအမျိုးသားသရုပ်ဆောင် ဆောင်ဆန်ဟွန်နှင့် တရုတ်-အမေရိကန် အမျိုးသမီးသရုပ်ဆောင် လျူယီဖေးသည် ရည်းစားသက်တမ်း သုံးနှစ်အကြာတွင် လမ်းခွဲလိုက်ပြီဟု ဆောင်၏အေဂျင်စီ Better ENT က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆောင်နှင့် လျူသည် များပြားလှသည့် အလုပ်အစီအစဉ်များနှင့် အနေဝေးမှုကြောင့် နှစ်ဦးတွေ့ရှိရန် ခက်ခဲလာခဲ့သဖြင့် မိတ်ဆွေများအဖြစ် ဆက်လက်ခင်မင်ရန် ဆုံးဖြတ်ခဲ့သည်ဟု Better ENT က ထုတ်ပြန်ခဲ့သည်။

ဆောင်နှင့် လျူတို့က ၎င်းတို့မေတ္တာမျှနေသည့်အကြောင်းကို ၂၀၁၅ ခုနှစ်သြဂုတ်က အတည်ပြုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၄ ခုနှစ်တွင် တရုတ်အချစ်ဇာတ်ကား The Third Way of Love တွင် တွဲဖက်သရုပ်ဆောင်ခဲ့ပြီးနောက် ရင်းနှီးလာခဲ့ကြသည်။ ယင်းနောက် ၎င်းတို့နှစ်ဦး တရုတ်နှင့်ကိုရီးယားတွင် တွေ့ဆုံသည့် ဓာတ်ပုံများထွက်ရှိခဲ့သည်။ ယင်းကာလတွင် လျူသည် ကိုရီးယားတွင်ကျင်းပသည့် ဆောင်၏မွေးနေ့ပွဲကို တက်ရောက်ခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဆောင်သည် Autumn in My Heart ဇာတ်လမ်းတွဲတွင်ပါဝင်သည့် ဂျွန်စောဇာတ်ကောင်ဖြင့် အာရှတစ်ဝန်းတွင် အောင်မြင်ခဲ့သည်။ ဆောင်သည် Saimdang, Memoir of Colors နှင့် Black ဇာတ်လမ်းတွဲတို့တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ၎င်းပါဝင်ထားသည့် ဒုတိယကမ္ဘာစစ် နောက်ခံတရုတ်အက်ရှင်ဇာတ်ကား The Bombing ကို ၂၀၁၈ ခုနှစ် ပထမလေးလပတ်တွင် ဖြန့်ချိမည်ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ လျူသည် တရုတ်နိုင်ငံတွင် မော်ဒယ်၊ အဆိုတော်၊ သရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့ရုံသာမက အမေရိကန်တွင်လည်း လူသိများသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကလေးအရွယ်တွင် နယူးယောက်၌နေထိုင်ခဲ့သည့် လျူသည် ၂၀၀၈ ခုနှစ်ကဖြန့်ချိခဲ့သည့် The Forbidden Kingdom ဇာတ်ကားအပါအဝင် ဇာတ်ကားများစွာတွင် ပါဝင်ခဲ့သည်။

လျူသည် အက်ရှင်ဇာတ်ကား Outcast တွင် နီကိုးလက်စ်ကေ့ချ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ လျူသည် ဒစ္စနေ၏ အန်နီမေးရှင်းဇာတ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးမည့် Mulan ဇာတ်ကားတွင် ဟွာမူလန်ဇာတ်ကောင်အဖြစ် ပါဝင်မည်ဖြစ်သည်။

Most Read

Most Recent