မိတ်ကပ်မကြိုက်သောသီချင်းများကို ဖန်ဆင်းသူ တေးသံရှင်ဝေလရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ

မိတ်ကပ်မကြိုက်သောသီချင်းများကို ဖန်ဆင်းသူ တေးသံရှင်ဝေလရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ
Published 25 January 2018

ဂီတရေစီးကြောင်းထဲမှာ ပုံမှန်ကြားနေကျ သံစဉ်စာသားတွေထဲက ခွဲထွက်ဖန်တီးလို့ တေးသီချင်းတိုင်းကို ပရိသတ်တွေရင်ထဲ ဝင်ရောက်လာစေဖို့ ဖန်တီးနိုင်ခဲ့သူတစ်ဦးက တေးသံရှင်ဝေလပါ။ ‘ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်’ ကစလို့ ပရိသတ်တွေ သတိထားမိစေပြီး ‘မိတ်ကပ်မကြိုက်သော သီချင်းများ’၊ ‘ခင်လေးစိမ်းတယ်’၊ ‘အနီးဆုံးရန်သူ’၊ ‘လွယ်လွယ်လေးရခဲ့တော့’ ဆိုတဲ့ သီချင်းကောင်းများစွာကို ပရိသတ်တွေ ရင်ထဲရောက်ရှိစေခဲ့သူ တေးသံရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ တေးသံရှင်ဝေလ ပြောပြတဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရပုံရိပ် တချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။

တေးသံရှင်ဝေလက ရန်ကုန်ဇာတိပဲဖြစ်ပြီး ငယ်စဉ်ကလေးဘဝတည်းက သီချင်းသံတွေကြားမှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဂီတဝါသနာကြီးမားသူ ဖခင်ဖြစ်သူက ညစဉ်တိုင်းမှာ သူငယ်ချင်းတွေနဲ့ အိမ်မှာဂစ်တာဝိုင်း ကျင်းပတတ်တာကြောင့် သီချင်းသံတွေကြားမှာ ကြီးပြင်းလာခဲ့တယ်လို့ ဝေလက ဆိုပါတယ်။ ငယ်စဉ်ကဆော့ကစားမက်တဲ့ဝေလက ကျောင်းတက်ရမှာတော့ပျင်းတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

ငယ်ဘ၀ အမှတ်တရတွေနဲ့ ပတ်သက်လို့ တေးသံရှင်ဝေလက “ငယ်ငယ်ကကစား မက်တယ်။ ကျောင်းတက်ရမှာ အရမ်းပျင်းတယ်။ တောက်လျှောက်လည်း စာတော်တဲ့ အထဲမပါဘူး။ သီချင်းသံတွေကတော့ ငယ်ငယ်ကတည်းက ကြီးပြင်းလာတဲ့ အရာတွေပါ။ အိမ်မှာအဖေက သူငယ်ချင်းတွေနဲ့ ညတိုင်း ဂစ်တာတီးတော့ သူတို့ဆိုတဲ့သီချင်းတွေ အမြဲတမ်းနားထောင်ပြီး အဲဒီကတည်းက သီချင်းတော်တော်များများ အလွတ်ရနေတာ။ အဲဒါကတော့ အမှတ်တရပါပဲ” လို့ ဝေလက ဆိုပါတယ်။

ကျောင်းပညာရေးမှာ စာညံ့တဲ့အထဲပါတယ်လို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့တဲ့ တေးသံရှင် ဝေလက ကလေးဘဝကျော်လွန်ပြီး ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာလည်း အစ်ကိုဖြစ်သူရဲ့ ဂစ်တာဝိုင်းနဲ့ ဆက်လက်ကြီးပြင်းလာခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ ဂီတကို မြတ်နိုးစိတ်က ပိုမိုရင့်သန်လာပြီး ဂစ်တာတီးတတ်လို စိတ်လည်းပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ သီချင်းတွေ ကိုယ်တိုင်စရေးခဲ့သလို အဆိုတော်တစ်ယောက်ဖြစ်လိုစိတ်ကလည်း အမြစ်တွယ် ခိုင်မာလာတယ်လို့ ဝေလက ဆိုခဲ့ပါတယ်။

“အထက်တန်းကျောင်းသားအရွယ် ရောက်တော့လည်း အစ်ကိုကြီးရဲ့ ဂစ်တာဝိုင်းကို အရမ်းသဘောကျပြီး ကိုယ်တိုင်ဂစ်တာတီးတတ်အောင်လည်းလုပ်၊ သီချင်းတွေလည်း စရေးတာတွေ လုပ်ဖြစ်ပါတယ်။ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကလည်း အဲဒီအချိန်တည်းက အမြစ်တွယ်နေတယ်။ အဲဒါနဲ့ပဲ ဂီတအလုပ်တွေကို လုပ်ဖြစ်ခဲ့တာပါ” လို့ ဝေလက ဆိုခဲ့ပါတယ်။

တေးသံရှင်ဝေလက ဂီတလောကထဲကို လျှောက်လှမ်းခဲ့ရာမှာ အခက်အခဲများစွာကြားက စတင်လျှောက်လှမ်းခဲ့ရတာပါ။ ပထမဆုံး အသံသွင်းယူခဲ့ဖူးတာကတော့ atom အဖွဲ့နဲ့အတူ ခဝဲခြံမျက်မမြင်ကျောင်းက စတူဒီယိုမှာပါလို့လည်း အမှတ်တရ ဆိုခဲ့ပါသေးတယ်။ ဒီနောက်မှာ ရသလောက် အခွင့်အရေးတွေ အမိအရ ဆုပ်ကိုင်ရင်း အခက်အခဲတွေကြားက ဂီတလမ်းကို ဆက်လက် လျှောက်လှမ်းဖြစ်ခဲ့တယ်လို့ဝေလက ဆိုပါတယ်။ တေးသံရှင် ဝေလက ဂီတခရီးလမ်း အစမှာ သီချင်းခွေသုံးခွေစာလောက်ကို အသံသွင်းယူခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မထွက်ဖြစ်နိုင်ခဲ့ဘူးလို့လည်း ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ တေးသံရှင်ဝေလက တေးသံရှင် ထူးအယ်လင်း၊ ဉာဏ်လင်းအောင်စသူတို့အတွက် သီချင်းတွေ ရေးသားဖန်တီးပေးရင်း တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်နိုင်ဖို့ ထပ်မံကြိုးစားခဲ့ပါတယ်။ တေးသံရှင်ဝေလရဲ့ ပထမဆုံးအယ်လ်ဘမ်က ‘၁၉၈၂’ ဖြစ်ပြီး လေးနှစ်လောက်အချိန်ယူ ဖန်တီးခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အခွေထွက်ထွက်ချင်းမှာ ပရိသတ်တွေကြားထဲ ပျံ့နှံ့မှု နည်းပါးခဲ့တယ်လို့လည်း ဆိုပါတယ်။ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ပြီးချိန်မှာတော့ ထူးအယ်လင်းတို့နဲ့ တွဲဖက်ပြီး ရှိုးပွဲတချို့မှာ ပါဝင်သီဆိုခွင့်စရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူငယ်ချင်းတွေနဲ့ တွဲဖက်ပြီး အတွဲတေးစီးရီးတစ်ခွေကို ထပ်မံဖြန့်ချိခဲ့ပါတယ်။ ဒီနောက်မှာ တေးသံရှင်ဝေလရဲ့ ဒုတိယမြောက် အယ်လ်ဘမ် ‘မိတ်ကပ်မကြိုက်သောသီချင်းများ’ အတွက် တေးသံရှင် နောနော်က ကူညီ အားဖြည့်ပေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“မိတ်ကပ်မကြိုက်သော သီချင်းများ အခွေက ကိုနောနော်ရဲ့ ကျေးဇူးကြောင့်ပါ။ သူက ဒုတိယအခွေ မလုပ်ဖူးလားလို့မေးတော့ သီချင်းတွေကတော့ အဆင်သင့်ရှိတယ်လို့ ကျွန်တော်ပြောတဲ့အခါ အဲဒီခွေအတွက် ရေးထားတဲ့ ခင်လေးစိမ်းတယ်တို့၊ အသည်းကွဲသမားတို့ စတဲ့သီချင်းတွေကို သူကိုယ်တိုင်ပဲ စတူဒီယိုဖိုးရှင်း၊ သူတို့ blaze တီးဝိုင်းနဲ့တီး စသဖြင့် အများကြီးကူညီပြီး လုပ်ပေးခဲ့တာ။ တကယ်တမ်းပြောရရင် အဲဒီ အခွေလေးပေါက်သွားတာ သူ့ကျေးဇူးတွေ အများကြီးပါပါတယ်။ ကိုကျားပေါက်ကို အကူအညီတောင်းတဲ့ သီချင်းလည်းပါတယ်။ အဲဒီအခွေ စတည်ဖြစ်တာကတော့ ကိုနောနော်ရဲ့ ကျေးဇူးပါ” လို့ ဝေလက အမှတ်တရ ဆိုပါတယ်။ တေးသံရှင်ဝေလက ‘၁၉၈၂’၊ ‘မိတ်ကပ်မကြိုက်သော သီချင်းများ’၊ ‘အဓိပတိဖွား’ တစ်ကိုယ်တော်အယ်လ်ဘမ် သုံးခွေထွက်ထားပြီး ‘ခုတင်အမှတ် ၁၈’ မီနီအယ်လ်ဘမ်တစ်ခွေကိုလည်း ထွက်ရှိထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာတော့ ‘အတုများတဲ့မြို့’ တေးအယ်လ်ဘမ်သစ်ကို ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။ ကိုယ်တိုင်ရေးဆို ဖန်တီးမှုတွေလုပ်တဲ့ တေးသံရှင် ဝေလက လက်ရှိရောက်နေတဲ့ ဂီတခရီးလမ်းကို ကျေနပ်ပေမယ့် အမြဲတမ်း ကြိုးစားနေရဦးမှာပါလို့ ဆိုခဲ့ပါတယ်။

တေးသံရှင်ဝေလက ပါရမီဖြည့်ဖက် ဇနီးနဲ့အတူ ချစ်စရာ သားငယ်လေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သားအတွက်သီးခြား ရေးဖွဲ့ဖြစ်တဲ့ သီချင်းမရှိသေးပေမယ့် အသစ်ထွက်ရှိလာမယ့် ‘အတုများတဲ့မြို့’ အယ်လ်ဘမ်မှာ မိဘမေတ္တာဖွဲ့ သီချင်းတစ်ပုဒ်ကို ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။ ဒီသီချင်းကိုတော့ အယ်လ်ဘမ်မထွက်ခင်မှာ live accoustic version အနေနဲ့ ပရိသတ်ကို လွှင့်ပေးသွားဖို့လည်း ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

တေးသံရှင်ဝေလက ၂၀၁၈ ထဲမှာတော့ ပရိသတ်တွေနဲ့ အမှတ်တရဖြစ်စေမယ့် ပထမဆုံးတစ်ကိုယ်တော်ပွဲကို စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ တစ်ကိုယ်တော်ပွဲကို အချိန်ယူပြင်ဆင်သွားမှာဖြစ်ပြီး ပရိသတ်နဲ့ အပေးအယူမျှမျှ တင်ဆက်နိုင်ဖို့လည်း စီစဉ်သွားမယ်လို့ ဆိုပါတယ်။

“တစ်ကိုယ်တော်ပွဲက မနှစ်ကတည်းကလည်း လုပ်ဖို့စိတ်ကူးရှိတာ။ ဒါပေမဲ့ စိတ်ကကြောက်နေတာပေါ့နော်။ ဖြစ်ပါ့မလားဆိုပြီးလေ။ ဒီနှစ်ထဲတော့ လုပ်ဖြစ်မှာပါ။ အခုထွက်မယ့်အခွေထဲက သီချင်းတွေလည်း ဆိုချင်တဲ့အခါကျတော့ ဒီနှစ်ပွင့်လင်းရာသီကျမှပဲ ဆိုဖြစ်မယ်ထင်တယ်။ အချိန်ယူပြင်ဆင်ပြီးမှပဲ လုပ်ချင်တာကြောင့်ပါ” လို့ တေးသံရှင်ဝေလက ဆိုပါတယ်။

တေးသံရှင်ဝေလက တေးသီချင်းတွေကို ရေးဖွဲ့သီဆိုရာမှာ အကြောင်းအရာစုံကို ပရိသတ်ရင်ထဲရောက်လာအောင် ဖန်တီးနိုင်သူဖြစ်ပြီး လူ့လောကထဲဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလည်း သရော်ဟန်နဲ့ ရေးဖွဲ့ဖန်တီးတတ်သူ ဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ တေးသီချင်းအများစုကကြားနေကျ ဂီတဟန်ပန်တွေထဲက ခွဲထွက်နေသလို ပြောင်မြောက်တဲ့ စာသားဖန်တီးမှုတွေကြောင့် အားပေးမှုရရှိလာသူလို့ ဆိုရမှာပါ။ တေးသံရှင် ဝေလရဲ့ ခက်ခဲတဲ့ လမ်းကိုဖြတ်သန်းရင်း လိုရာခရီးကို အရောက်လှမ်းခဲ့ရတာကို ဖတ်ရှုရင်း ခွန်အားတွေရရှိနိုင်မယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အောင်မြင်ထင်ရှားသူဖြစ်မလာခင်အချိန်က ဖြတ်ကျော်ခဲ့ရတဲ့ မိုင်တိုင်တွေကို ထပ်မံရေးသားဖော်ပြဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ ဆိုပါရစေ။

Most Read

Most Recent