စပိန်အာဏာပိုင်များက ရှကီယာကို အခွန်ရှောင်တိမ်းမှုဖြင့် စုံစမ်းစစ်ဆေးရန် ပစ်မှတ်ထားနေ

စပိန်အာဏာပိုင်များက ရှကီယာကို အခွန်ရှောင်တိမ်းမှုဖြင့် စုံစမ်းစစ်ဆေးရန် ပစ်မှတ်ထားနေ
Published 24 January 2018

ကိုလံဘီယာပေါ့ပ်အဆိုတော် ရှကီယာသည် စပိန်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝင်ငွေခွန်ပေးဆောင်ရန် ကျန်ရှိနေသေးသည်ဟု စပိန်အာဏာပိုင်များက ပြောကြားခဲ့သည်။ ရှကီရာသည် ယင်းကာလများအတွင်း စပိန်တွင်နေထိုင်ခဲ့သည်ဟု ၎င်းတို့က အခိုင်အမာပြောကြားခဲ့သည်။

အခွန်တိမ်းရှောင်မှုဖြင့် ရှကီယာကိုအမှုဖွင့်ရန် အာဏာပိုင်များက အစိုးရရှေ့နေများကို တိုက်တွန်းခဲ့သည်။ အခွန်ကျသင့်ငွေတောင်းခံမှုသည် ယူရိုသန်းနှင့်ချီရှိနိုင်သည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ရှကီယာနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကမူ ရှကီယာသည် အခွန်တိမ်းရှောင်ခဲ့ခြင်းမရှိကြောင်းနှင့် ၎င်း၏အချိန်အများစုကို စပိန်နိုင်ငံပြင်ပတွင်ကုန်ဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရှကီယာသည် အခွန်ပေးဆောင်ရမည့် တာဝန်ကိုအမြဲလိုက်နာခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဂီတအပြင် ပရဟိတအလုပ်များဖြင့် ကျော်ကြားခဲ့သည့် ရှကီယာသည် ဘာစီလိုနာအသင်း နောက်ခံလူဂျရတ်ပီကေး၏ အတူနေလက်တွဲဖော်ဖြစ်သည်။ ရည်ရွယ်ချက်အားလုံးအတွက် စပိန်သည် ၎င်းနေထိုင်ရမည့်နေရာ ဖြစ်လာနိုင်သည်ဟု ရှကီယာက ၂၀၁၅ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။

အခွန်အာဏာပိုင်များသည် စပိန်နိုင်ငံတွင် ရှကီယာရှာဖွေခဲ့သည့်ဝင်ငွေအပြင် ကမ္ဘာတစ်ဝန်းမှရရှိခဲ့သည့် ဝင်ငွေများမှ လေးနှစ်အတွင်း အခွန်မပေးဆောင်ခဲ့မှုများကို တောင်းခံခဲ့သည်။ ရှကီယာ၏ စာရင်းစစ်ကုမ္ပဏီဖြစ်သည့် Price Waterhouse Coopers က အခွန်စုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့ကြောင်း စပိန်သတင်းအေဂျင်စီ Efe ကဖော်ပြခဲ့သည်။

စပိန်တွင် တစ်နှစ်လျှင် ခြောက်လကျော် နေထိုင်သူအားလုံးသည် အခွန်ကိစ္စအတွက် နေထိုင်သည်ဟု ယူဆခံရသည်။ ပြီးခဲ့သည့်နှစ်များအတွင်း စပိန်နိုင်ငံတွင် ထင်ရှားသည့်ဘောလုံးသမားများ အခွန်တိမ်းရှောင်မှုအပါအဝင် ထင်ရှားကျော်ကြားသူများ ရုံးတင်စစ်ဆေးခံရမှုများစွာ ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ်မေတွင် ဘာစီလိုနာနှင့် အာဂျင်တီးနားကစားသမား လီယွန်နယ်မက်ဆီသည် အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ် ၂၁ လချမှတ်ခဲ့ရသည်။ သို့သော် စပိန်ဥပဒေအရ ထောင်ဒဏ်နှစ်နှစ်အောက်ကာလကို ခံဝန်ဖြင့် နေထိုင်ခွင့်ပြုခဲ့သည်။ မက်ဆီသည် ကစားနေဆဲဖြစ်သည်။

International Consortium of Investigative Journalists ၏ ထုတ်ပြန်ချက်အရ ရှကီယာသည် ဘဟားမားတွင်နေထိုင်ပြီး အခွန်ရှောင်ခဲ့ကြောင်း၊ ၎င်း၏သီချင်းများအတွက် မူပိုင်ခွင့်များကို မော်လ်တာနှင့် လူဇင်ဘတ်နိုင်ငံများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

Most Recent