၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား စံချိန်စံညွှန်း မပြည့်မီခြင်းကြောင့် ပေးအပ်နိုင်ခြင်း မရှိခဲ့

၂၀၁၆ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆွတ်ခူးရရှိခဲ့ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

၂၀၁၆ ခုနှစ်အတွင် ပေးအပ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား စံချိန်စံညွှန်း မပြည့်မီခြင်းကြောင့် ပေးအပ်နိုင်ခြင်းမရှိခဲ့ဟု အကယ်ဒမီ စိစစ်ရွေးချယ်ရေး စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးနှင်းမိုးက ဆိုသည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုများအား မတ် ၁၈ ရက်တွင်  ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုအမျိုးအစား ၁၀ ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီး ဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား ထည့်သွင်းချီးမြှင့်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်မှာ အမျိုးသမီးဇာတ်ပို့ဆုနဲ့ ဇာတ်ညွှန်းဆုတွေကို ပေးအပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့် မပေးအပ်ခဲ့လဲဆိုရင် အကယ်ဒမီ စိစစ်ရွေးချယ်တဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ဘဲ ဖြစ်ပါတယ်။ အကယ်ဒမီ စိစစ်ရွေးချယ်တဲ့ စံချိန်စံညွှန်း ဆိုတာကလည်း ဆုတွေစပြီး မစိစစ်ခင်ကတည်းက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား အထူးဆုအနေနဲ့ ဇာတ်ကားကောင်းတစ်ကားကို ထည့်သွင်းပေးအပ်ခဲ့ပါတယ်” ဟု အကယ်ဒမီ စိစစ်ရွေးချယ်ရေး စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးနှင်းမိုးက ဆိုသည်။

၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီဆုများ မပေးအပ်မီကတည်းက အမျိုးသမီးဇာတ်ပို့ဆုအဖြစ် ငဘဇာတ်ကားမှ အေးမြတ်သူအား လည်းကောင်း၊ အုတ်ကြားမြက်ပေါက် ဇာတ်ကားမှ ထူးမွန်အားလည်းကောင်း၊ ဘွန္တောကြက်သူခိုး ဇာတ်ကားမှ ၀ါဝါအောင်အားလည်းကောင်း တစ်ဦးဦးဆွတ်ခူးရရှိမည်ဟု ပရိသတ်များက ထင်ကြေးပေး မျှော်လင့်နေကြခြင်း ဖြစ်သည်။

ဇာတ်ညွှန်းဆုနှင့် ပတ်သက်၍လည်း အုတ်ကြားမြက်ပေါက် ဇာတ်ကားမှ ဇာတ်ညွန်းရေးသားသူ ဆဲဗင်းဒေးကလည်းကောင်း၊ ချစ်လှစွာသော အမုန်းဇာတ်ကားမှ ၀ိုင်းကလည်းကောင်း တစ်ဦးဦးဆွတ်ခူး ရရှိမည်ဟု ထင်ကြေးပေးမျှော်လင့်မှု များထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဆုစာရင်းများ ကြေညာရာတွင် ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု၊ အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံး တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်အသံဆု၊ အကောင်းဆုံး ဇာတ်ကားဆုနှင့် အထူးဆုနှင့် ဆုအမျိုးအစား  ၁၀ မျိုး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“နှစ်တိုင်း အကယ်ဒမီ ပေးအပ်ကာ ဆုအမျိုးအစားတချို့ ချန်လှပ်ချီးမြှင့်ခဲ့ရာ တွေ့ရပါတယ်။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ ဒီနှစ်မှာတော့ အမျိုးသမီး ဇာတ်ပို့ဆုအနေနဲ့ တစ်ပြေးနေတဲ့ အေးမြတ်သူကို ရစေချင်ခဲ့တာသူ သရုပ်ဆောင်ထားတာလည်း ကောင်းတယ်လေ။ ဆုပေးပွဲ ပြီးပြီဆိုတော့မှ အမျိုးသမီးဇာတ်ပို့ဆုကို ထည့်မပေးဘူး ဆိုတာသိရတယ်။ နှစ်တစ်နှစ်ရဲ့ ထူးချွန်တဲ့သူကို ပေးတာဖြစ်လို့ ဒီလိုဆု အမျိုးအစားတွေကိုတော့ ထည့်သွင်းချီးမြှင့်သင့်တယ်လို့ ထင်ပါတယ်။ အေးမြတ်သူအတွက်ကတော့ နောက်နှစ်တွေမှာ ဒီလိုဇာတ်လမ်းကောင်းတွေ ရိုက်ကူးခွင့်ရပါစေလို့ ဆုတောင်းပေးရမှာပေါ့” ဟု  စမ်းချောင်းမြို့နယ်မှ ရုပ်ရှင်ကြည့် ပရိသတ်တစ်ဦးက ဆိုသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်သည့် သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက လည်းအချို့သောနှစ်များတွင် ဆုအမျိုးအစားအချို့အား ချန်လှပ်ခဲ့သည်များလည်းရှိသည်။ ယခုနှစ်တွင်ပင် ဆုအမျိုးအစားအချို့ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲ၌ အမျိုးသမီး ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ပို့ဆုများကို လုံးဝပေးအပ်ခဲ့ခြင်း မရှိသည်ကိုလည်း တွေ့မြင်ရသည်။

ယခုနှစ်အတွက်မူ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ သက်မွန်မြင့်အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

Writer: 
လင်းလင်းခိုင်