ရော့ခ်အင်ရိုးကို အစပြုခဲ့သူ တစ်ဦးဖြစ်သည့် အဆိုတော် ချက်ဘယ်ရီ ကွယ်လွန်

ရော့ခ်အင်ရိုးဂီတကို အစပြုခဲ့သူ တစ်ဦးဖြစ်သည့် အထင်ကရ ရော့ခ်အဆိုတော် ချက်ဘယ်ရီ

(၉၀ နှစ်) သည် မတ် ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဘယ်ရီသည် Roll Over Beethoven၊ Johnny B.Goode စသည့် ဂန္ထ၀င်သီချင်းများဖြင့် ဆယ်စုနှစ် ခြောက်ခုကြာ အောင်မြင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၁၉၈၄ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် တစ်သက်တာ အောင်မြင်မှုဆု ရရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရော့ခ်အင်ရိုး Hall of Fame ၌ ပထမဆုံး ဖော်ပြခံခဲ့ရသည့်   ဂီတပညာရှင်များထဲတွင် ပါဝင်ခဲ့သည်။ဘယ်ရီကို တုံ့ပြန်မှုမရှိသည့် အနေအထားဖြင့် တွေ့ရှိခဲ့ သည်ဟု ၎င်း၏အိမ်မှ အစောင့်တစ်ဦးက ဖုန်းဆက်ပြောကြားခဲ့ကြောင်း၊ ၎င်းသည် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၂၆ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း St.Charles ကောင်တီရှိ ရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။

လက်သမားတစ်ဦးနှင့် အထက်တန်းကျောင်းအုပ်တစ်ဦး၏ သားတစ်ဦးဖြစ်သည့် ဘယ်ရီသည် လူမျိုးရေးခွဲခြားသည့် ကာလတွင် ကြီးပြင်းခဲ့သော်လည်း လူမျိုးရေးခွဲခြားမှုကို မည်သို့ချိတ်ဆက်ရမည်ကို သတိပြုမိခဲ့သူဖြစ်သည်။

ဘယ်ရီသည် ပေါလ်မက္ကာနေ၊ ကိတ်ရစ်ချက်၊ ဂျွန်လင်နွန်နှင့် ဘရုစ်စပရင်းစတင်းတို့အား ရော့ခ်အဆိုတော်ဖြစ်ချင်သည့် ပြင်းပြသည့် ဆန္ဒများဖြစ်ပေါ်အောင် လွှမ်းမိုးခဲ့သည့် အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

အမေရိကန်အဆိုတော် ဘော့ဒီလန်က  ဘယ်ရီကို ရော့ခ်အင်ရိုး၏ ရှိတ်စပီးယားဟု ခေါ်ဆိုခဲ့သည်။ ဘီတဲလ်၊ Rolling Stones၊ Beach Boys အဖွဲ့တို့သည် ဘယ်ရီ၏သီချင်းများကို ပြန်လည်ဆန်းသစ် သီဆိုခဲ့ကြသည်။ဘရုစ်စပရင်းစတင်း၊ ဘရိုင်ယန်ဝီလ်ဆန်၊ ရင်ဂိုစတား၊ ရော့စတီးဝပ်နှင့် Rolling Stones အဖွဲ့အပါအ၀င် ထင်ရှားသည့် အဆိုတော်များက ဘယ်ရီသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။ “ချက်ဘယ်ရီက ရော့ခ်အင်ရိုးဂီတရဲ့ အအောင်မြင်ဆုံး ဂီတသမား၊ ဂီတာပညာရှင်နဲ့ တေးရေးတစ်ဦးပါ”  ဟု စပရင်းစတင်းက  Twitter တွင် ရေးသားခဲ့သည်။

ဘယ်ရီက ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် အသက် ၉၀ ပြည့် မွေးနေ့တွင် ၃၈ နှစ်အတွင်း ပထမဆုံး အယ်လ်ဘမ်  Chuck ကို ၂၀၁၇ ခုနှစ်တွင် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။