၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်များအား ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲပြုလုပ်

 
၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်များအား ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့၊ မယ်လီယာဟိုတယ်၌ မတ်လ ၁၉ ရက် ညပိုင်းက ပြုလုပ်ခဲ့သည်။
 
အဆိုပါ ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲသို့  ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရ အနုပညာရှင်များနှင့် မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား ပံ့ပိုးကူညီခဲ့သည့်သူများ၊ အခြားသောအနုပညာရှင်များ တက်ရောက်ခဲ့သည်။
 
အဆိုပါ ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲ၌  ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရ  အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ သက်မွန်မြင့်၊ အကယ်ဒမီ ဓီရာမိုရ်၊ အကယ်ဒမီ လူမင်း စသည့် အကယ်ဒမီထူးချွန်ဆုရ အနုပညာရှင်များ တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သည့် အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။
 
၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၁၈ ရက်က ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ပေးအပ်ရာတွင် အကောင်းဆုံးဇာတ်ကားဆုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားဖြင့် ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးကလည်းကောင်း၊ ရုပ်ရှင်အသံဆုကို မှော်ကျောက်စာဇာတ်ကားဖြင့် ဦးကြည်မင်းသိန်းကလည်းကောင်း၊ ရုပ်ရှင်တေးဂီတဆုကို လူးရတနာသိုက်ဇာတ်ကားဖြင့် ဓိရာမိုရ်ကလည်းကောင်း၊ တည်းဖြတ်ဆုကို အေဒင်ရဲ့နတ်သမီးဇာတ်ကားဖြင့် တည်းဖြတ်ဥာဏ်ဝင့်ကလည်းကောင်း၊ ရုပ်ရှင်ဓာတ်ပုံဆုကို လူးရတနာသိုက်ဇာတ်ကားဖြင့် မောင်မြင့်၊ အေးမင်း၊ အငယ်လေးတို့ကလည်းကောင်း၊ အမျိုးသားဇာတ်ပို့ဆုကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေဇာတ်ကားဖြင့် လူမင်းကလည်းကောင်း၊ ဒါရိုက်တာဆုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကလည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ချစ်လှစွာသောအမုန်း ဇာတ်ကားဖြင့် သက်မွန်မြင့်ကလည်းကောင်း၊ အမျိုးသားဇာတ်ဆောင်ဆုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားဖြင့် ထွန်းထွန်းကလည်းကောင်း၊ အထူးဆုကို မနောမြေမှ ကျောက်စိမ်းကမ္ဘာဇာတ်ကားဖြင့်လည်းကောင်း အသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုတို့ကို ထည့်သွင်း ပေးအပ်ခြင်း မပြုခဲ့ကြောင်း သိရသည်။
 
Writer: 
နေ၀န်းထက်