အမေရိကန်နိုင်ငံ ဟိုနိုလူလူကျွန်းသို့ ဒေါ်မမနိုင် ရုပ်သေးအဖွဲ့ သွားရောက် ဖျော်ဖြေမည်

ဒေါ်မမနိုင် ရုပ်သေးအဖွဲ့၏ ရုပ်သေးဖျော်ဖြေနေဟန်တစ်ခု

အမေရိကန်နိုင်ငံ ဟိုနိုလူလူကျွန်းရှိ East West Center ၏ဖိတ်ကြားမှုဖြင့် ဒေါ်မမနိုင် ရုပ်သေးအဖွဲ့ သွားရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

“East West Center ကို ၂၀၀၀ ပြည့်နှစ်က တစ်ခါသွားရောက် ဖျော်ဖြေဖူးပါတယ်။ ဒါကတော့ ဒုတိယအကြိမ်ပါ။ East West Center က အာရှ-ပစိဖိတ်ဒေသက ရိုးရာအနုပညာအဖွဲ့တွေကို ဖိတ်ကြားပြီး သူတို့ဆီက ကျောင်းသားတွေကို ပညာရေးနဲ့ ပေါင်းစပ်တဲ့ အနုပညာ လေ့လာသင်ယူမှုအနေနဲ့ ဒီအစီအစဉ်တွေကို ပြုလုပ်တာပါ။ ဒီပွဲမှာ ဖျော်ဖြေမှုအပြင် ဆွေးနွေးပွဲတွေလည်း ပါဝင်မှာပါ။ ဆရာမတို့ ရုပ်သေးအဖွဲ့က ကြိုးဆွဲအနုပညာရှင် လေးဦးနဲ့ ဆိုင်းအဖွဲ့သားတွေအပြင် မြန်မာအကဖျော်ဖြေမှုအတွက် နှစ်ဦးပါဝင်မှာပါ။ ရုပ်သေးပွဲအတွက် ဖျော်ဖြေမှုတွေကိုလည်း သမားစဉ် ဖျော်ဖြေမှုတွေအတိုင်း စီစဉ်ထားပါတယ်။ သွားဖျော်ဖြေရမှာက ဧပြီလထဲမှာဖြစ်လို့ အမေရိကန် လော့အိန်ဂျလိစ်မှာရှိတဲ့ မြန်မာတွေ စုပေါင်းကျင်းပမယ့် သင်္ကြန်ပွဲတော်ကိုလည်း သွားရောက်ဖျော်ဖြေဖို့ ဖိတ်ကြားထားပါတယ်” ဟုရုပ်သေးကြိုးဆွဲပညာရှင် ဒေါ်မမနိုင်က ဆိုသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေမည့် ခရီးစဉ်တွင် ဒေါ်မမနိုင် ရုပ်သေးအဖွဲ့နှင့်အတူ မင်းသမီး ၀င်းသပြေထွန်း၊ မင်းသား ၀င်းညီညီထွန်းတို့ပါဝင်ကာ ရုပ်သေးဖျော်ဖြေမှု မတိုင်မီတွင် နှစ်ပါးသွားအကဖြင့် ဖျော်ဖြေမည်ဟုသိရသည်။ မြန်မာ့ရုပ်သေး တင်ဆက်မှုတွင် အပျိုတော်အက၊ ဟိမ၀န္တာခန်း၊ နှစ်ပါးသွား(မြိုင်ထ)၊ ဦးရွှေရိုး၊ ဒေါ်မိုးအကအပြင် သင်္ကြန်အကကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ဟု သိရသည်။

ဒေါ်မမနိုင် ရုပ်သေးအဖွဲ့အပါအ၀င် မြန်မာအနုပညာရှင် ၁၃ ဦးပါဝင်သည့် အဖွဲ့သည် အမေရိကန်နိုင်ငံ ဟိုနိုလူလူကျွန်းရှိ East West Center တွင် မတ် ၃၁ ရက်ဖျော်ဖြေမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက်ဧပြီ ၈ ရက်တွင် ကျင်းပမည့် လော့အိန်ဂျလိစ်မြို့ရှိ သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေမည်ဖြစ်သည်။    
 

Writer: 
စုမှူးနိုင်