မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲနှင့် ထူးခြားမှုများ

အကယ်ဒမီပွဲကျင်းပတဲ့ နေရာများနဲ့ ပြည်သူ့ရင်ပြင်မှာ ပထမဆုံးပြုလုပ်တဲ့ ၂၀၁၆ အကယ်ဒမီ ထူးချွန်ဆုပေးပွဲ

၁၉၅၂ ခုနှစ်ကစလို့ အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့မှာရှိတဲ့နေရာ တော်တော်များများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်အတွက်ကစလို့ ၂၀၁၀ ပြည့်နှစ်အတွက်ထိ နေပြည်တော်မှာ ပြောင်းလဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက်က ပြန်လည်စတင်ကာ ရန်ကုန်မှာပဲ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မှာ နှစ်အသီးသီး ပြုလုပ်နိုင်ခဲ့တဲ့ နေရာအချို့ကတော့ မြန်မာ့အသံမြက်ခင်းပြင်၊ ဂျူဗလီဟော၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံစတာတွေပဲ ဖြစ်ပါတယ်။

အခုနှစ်အတွက်တော့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပထမဆုံးအကြိမ် ပြုလုပ်မှာဖြစ်ပါတယ်။ အခုနှစ်အတွက် ထူးခြားမှုတစ်ခုကတော့ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ပဉ္စမအကြိမ်မြောက် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း ဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကို လေဟာပြင် ဇာတ်ရုံအခင်းအကျင်းနဲ့ တင်ဆက်တာဖြစ်တဲ့အပြင် ရွှေတိဂုံဘုရားနောက်ခံမြင်ကွင်းနဲ့ စတေ့ခ်ျစင် ဆောက်လုပ်ထားတာဖြစ်တာကြောင့် လှပခမ်းနားပြီး ကျက်သရေရှိတဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။

ဇာတ်ကားအရေအတွက် များပြားတဲ့ အကယ်ဒမီ

အခုနှစ်အတွက် ရုံတင်ပြသခဲ့တဲ့ဇာတ်ကား စုစုပေါင်းက ၃၃ ကားဖြစ်ပြီး ဆန်ခါတင်စာရင်းဝင်ဇာတ်ကား ၁၀ ကားရှိတာကြောင့် အရင်နှစ်တွေကထက် အရေအတွက် ပိုမိုများပြားလွန်းပါတယ်။ ဒါကြောင့် အခုနှစ်မှာ ပေးအပ်ချီးမြှင့်မယ့် အကယ်ဒမီထူးချွန်ဆု အရေအတွက်က အရင်နှစ်တွေကထက် ပိုမိုများပြားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ယှဉ်ပြိုင်မှုလည်း ပိုမိုပြင်းထန်နေတာကို တွေ့မြင်ရမှာပါ။

ရွှေသားအစစ်နဲ့ ဖန်တီးထားတဲ့ အကယ်ဒမီဝတ်စုံတွေ

အခုနှစ်အကယ်ဒမီပွဲတက်ဝတ်စုံတွေကို နာမည်ကျော် ဒီဇိုင်နာအသီးသီးက ဖန်တီးလျက်ခဲ့ရာမှာတော့ ရွှေသားအစစ်နဲ့ ဖန်တီးချုပ်လုပ်တဲ့ ၀တ်စုံတွေကိုလည်း ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် အကယ်ဒမီပွဲတက်ဝတ်စုံတွေထဲမှာ လတ်တလော ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ရွှေသားသုံးဆယ်သားနဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ အိချောပိုရဲ့ အကယ်ဒမီပွဲတက် ၀တ်စုံဒီဇိုင်းပဲဖြစ်ပါတယ်။ အိချောပိုအတွက် အကယ်ဒမီပွဲတက် ၀တ်စုံဒီဇိုင်းကို ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးချုပ်လုပ်သွားမှာဖြစ်ပြီး ရွှေသားကိုတော့ အောင်သမာဓိက ပံ့ပိုးကူညီထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Aroma Wedding Studio ကလည်း ရုပ်ရှင်အနုပညာရှင်တွေရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်တွေကို ၀ိန့်စိန်ရွှေဆိုင်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖန်တီးထားပါတယ်။ ရွှေသားအစစ်နဲ့ ဖန်တီးထားတဲ့ အကယ်ဒမီဝတ်စုံတွေကို ၀တ်ဆင်တဲ့သူတွေကတော့ မြန်မာပြည်သိန်းတန်နဲ့ဇနီး၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ မေမြင့်မိုရ်၊ ဇွန်သံစဉ်၊ စိုးနန္ဒာကျော် စသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခုနှစ်အတွက် အကယ်ဒမီပွဲတက်ဖက်ရှင်တွေက သိန်းရာချီတန်တဲ့ ၀တ်စုံတွေကို ဆင်မြန်းလှပနေတာကို တွေ့မြင်ကြမှာပါ။

အကယ်ဒမီသမိုင်းမှ ရှားရှားပါးပါး အထူးဆုရှင်များ

အကယ်ဒမီသမိုင်းမှာ ရှားရှားပါးပါးလို့ဆိုရမယ့် အထူးဆုကတော့ သရုပ်ဆောင်ပညာထူးချွန်တဲ့ ကလေးသရုပ်ဆောင်တွေကို ပေးအပ်တာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ငါးဆုသာ ချီးမြှင့်ခဲ့ဖူးပြီး ရရှိခဲ့တဲ့သူတွေကတော့ ဖိုးပြုံးချိုဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် ၀င်းမာ၊ အဖေတစ်ခုသား တစ်ခုဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေး၊ မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အင်္ဂလန်စိန်၊ ရင်ထဲကဆောင်းရာသီဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အိဖြူစိုး၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ပဲ ဖြစ်ပါတယ်။

အကယ်ဒမီရဲ့ကနဦးအစ

မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ၁၉၅၂ ခုနှစ်နဲ့ ၁၉၅၃ ခုနှစ်မှာ ရုပ်ရှင်ထူးချွန်ဆု သုံးမျိုးကိုသာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမအကောင်းဆုံးဇာတ်ကားဆုကို ရွှေကိန္နရီရုပ်၊ ဒုတိယအကောင်းဆုံး ဇာတ်ကားဆုကို ငွေဒေါင်းရုပ်၊ တတိယ အကောင်းဆုံးဇာတ်ကားဆုကို ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံးအမျိုးသားပညာသည်ဆုကို ရွှေရင်ထိုး၊ အကောင်းဆုံး အမျိုးသမီးပညာသည်ဆုကို ရွှေရင်ထိုးတွေ ပေးအပ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဒါရိုက်တာဆုကို တိုးမြှင့်ပေးအပ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ဇာတ်ကားဆုကို အကောင်းဆုံးဆုတစ်ဆုတည်းပဲ ပြောင်းလဲပေးအပ်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု တစ်ဆုကိုပါ ထပ်မံတိုးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာတော့ ဆုပုံသဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်ကနေ ရွှေကိန္ဒရီရုပ် ပုံစံပြောင်းလဲခဲ့ပါတယ်။

၁၉၆၂ ခုနှစ်ကစတင်လို့ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုလို့ ခွဲခြားပြီး ထူးချွန်ဆုအရေအတွက် တိုးမြှင့်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကစတင်ကာ ရုပ်ရှင်ဇာတ်ညွှန်းထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတထူးချွန်ဆု၊ ရုပ်ရှင်အသံထူးချွန်ဆုတွေကိုပါ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၃ မှစတင်ပြီး ရွှေကိန္ဒရီရုပ်မှာ တပ်ဆင်ထားတဲ့ ငွေကြယ်အစား ရွှေကြယ်အစစ်ကို ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ ၁၉၉၄ မှာတော့ ရုပ်ရှင်တည်းဖြတ်ဆုတစ်ဆု တိုးမြှင့်ပြီး စုစုပေါင်း ဆုအရေအတွက် ၁၁ ဆု ပေးအပ်ခဲ့ပါတယ်။

နှစ် ၆၀ ကျော်ခရီးနဲ့ ဆုအရေအတွက်

နှစ် ၆၀ ခရီးတိုင်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီခရီးမှာ ဆုအရေအတွက် ၃၀၀ ကျော် ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပေးအပ်ခဲ့တဲ့ဆုတွေကတော့ ရုပ်ရှင်ဇာတ်ကားဆု ၄၆ ဆု(ဒုတိယဆုသုံး ဆု+တတိယဆု သုံးဆု)၊ ဒါရိုက်တာဆု ၄၆ ဆု၊ အမျိုးသားဇာတ်ဆောင်ဆု ၄၉ ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု ၅၈ ဆု၊ အမျိုးသားဇာတ်ပို့ဆု ၄၀ ဆု၊ အမျိုးသမီးဇာတ်ပို့ဆု ၄၃ ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု ၄၈ ဆု၊ ရုပ်ရှင်တေးဂီတဆု ၁၇ ဆု၊ ရုပ်ရှင်အသံဆု ၁၀ ဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု ၁၃ ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု ၁၂ ဆုနဲ့ အထူးဆု ၅ ဆုတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ အတွက် ချီးမြှင့်ပြီးသွားရင်တော့ ဆုအရေအတွက်တွေ ထပ်တိုးလာတော့မှာပါ။