စပီးဘာ့ဂ်၏ The Post ဇာတ်ကား လက်ဘနွန်တွင် ပြသခွင့်ရရှိ

စပီးဘာ့ဂ်၏ The Post ဇာတ်ကား လက်ဘနွန်တွင် ပြသခွင့်ရရှိ
Published 19 January 2018

ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်၏ The Post ဇာတ်ကားကို အထွေထွေလုံခြုံရေးအာဏာပိုင်အဖွဲ့က ပိတ်ပင်ခဲ့မှုကို လက်ဘနွန် ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၁၇ ရက်တွင်  ပယ်ဖျက်ပေးခဲ့သောကြောင့် လက်ဘနွန်ရှိ ရုပ်ရှင်ရုံများတွင် ပြသခွင့်ရရှိပြီဖြစ်သည်။

၂၀၀၆ ခုနှစ်အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲအတွင်း စပီးဘာ့ဂ်က အစ္စရေးကို ငွေကြေး ထောက်ပံပေးခဲ့မှုကြောင့် ၎င်း၏ ဇာတ်ကားကိုပိတ်ပင်ရန် တက်ကြွ လှုပ်ရှားသူများက လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။

“ The Post ဇာတ်ကားက လက်ဘနွန် ဒါမှမဟုတ် ရန်သူအစ္စရေးနဲ့ ပဋိပက္ခဖြစ်တဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိလို့ ပြသခွင့် ပိတ်ပင်ဖို့ အကြောင်းအရင်း မရှိဘူးလို့ ယူဆတယ်” ဟု ပြည်ထဲရေးဝန်ကြီး Nohad Machnouk က ပြောကြားခဲ့သည်။

စပီးဘာ့ဂ်သည် အာရပ်အဖွဲ့ချုပ်ကုန်သွယ်မှုပိတ်ပင်ရေးရုံး၏ အမည်ပျက်စာရင်းတွင် ပါဝင်သောကြောင့် ယင်းဇာတ်ကားကို ပိတ်ပင်ခဲ့ရခြင်းဖြစ်သည်ဟု အထွေထွေလုံခြုံရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ဘနွန်နယ်စပ်ဒေသများကို ကြီးကြပ်ထိန်းချုပ်သည့် အထွေထွေလုံခြုံရေးအာဏာပိုင်အဖွဲ့သည် ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များနှင့် စာအုပ်များအတွက် ဆင်ဆာဖြတ်တောက်မှုတွင်လည်း တာဝန်ရှိသည်။

ဟာလိဝုဒ်နာမည်ကြီးသရုပ်ဆောင်များဖြစ်သည့် တွမ်ဟင့်စ်နှင့် မာရီစထရိတို့ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် The Post ဇာတ်ကားကို ဇန်နဝါရီ ၁၈ ရက်တွင် လက်ဘနွန်ရုပ်ရှင်ရုံများ၌ ပြသမည်ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် အစိုးရပါဝင်မှုနှင့်ပတ်သက်ပြီး ပေါက်ကြားခဲ့သည့် ပင်တဂွန်စာရွက်စာတမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့သည့် Washington Post နှင့်   New York Times သတင်းစာမှ ဂျာနယ်လစ်များအကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားကို ၂၀၁၇ ခုနှစ်၏ အကောင်းဆုံး ဇာတ်ကားအဖြစ် National Board of Review က ရွေးချယ်ခဲ့သည်။ ယင်းဇာတ်ကားသည် တိုင်းမ်မဂ္ဂဇင်းနှင့် အမေရိကန်ရုပ်ရှင်အဖွဲ့က ရွေးချယ်သည့် ၂၀၁၇ ခုနှစ်၏  အကောင်းဆုံး ဇာတ်ကား ၁၀ ကားတွင်လည်း ပါဝင်ခဲ့သည်။

လက်ဘနွန်အစိုးရသည် ၂၀၁၇ ခုနှစ်တွင်  အစ္စရေးသရုပ်ဆောင် ဂဲဂါဒေါ့ ပါဝင်သည့် Wonder Woman ဇာတ်ကားကို ဖြန့်ချိခွင့် ပိတ်ပင်ခဲ့သည်။ ယခုနှစ်တွင် Jungle ဇာတ်ကားကိုလည်း နိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပြသခွင့်ပြန်လည် ရုပ်သိမ်းခဲ့သည်။ ဒယ်နီရယ်ရက်ကလစ်ဖ်၊ အဲလက်စ်ရပ်ဆဲ၊ ရက်စမင်ကက်ဆင် Thomas Kretschmann တို့ ပါဝင်သည့် ယင်းဇာတ်ကားသည် အစ္စရေး ရေတပ်စစ်သားဟောင်းတစ်ဦး အမေဇုန်မိုးသစ်တောသို့ သွားရောက်ခဲ့သည့်အကြောင်း ရေးသားထားသည့် စာအုပ်ကို အခြေပြုရိုက်ကူးထားခြင်းဖြစ်သည်။

Most Read

Most Recent