လူငယ်ဂရပ်ဖတီ အနုပညာရှင် အာကာကျော်၏ ‘ဆင်တွေကိုချစ်တယ်’ အနုပညာပြပွဲကို Junction City တွင် ဇန်နဝါရီ ၁၆ ရက်မှ လကုန်အထိ ပြသသွားမည်

လူငယ်ဂရပ်ဖတီ အနုပညာရှင် အာကာကျော်၏ ‘ဆင်တွေကိုချစ်တယ်’ အနုပညာပြပွဲကို Junction City တွင် ဇန်နဝါရီ ၁၆ ရက်မှ လကုန်အထိ ပြသသွားမည်
Published 18 January 2018

လူငယ်ဂရပ်ဖတီ အနုပညာရှင် အာကာကျော်၏ ‘ဆင်တွေကိုချစ်တယ်’ အနုပညာပြပွဲကို ဇန်နဝါရီ ၁၆ ရက်မှလကုန်အထိ ရန်ကုန်မြို့ Junction City တွင် ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင ်တောဆင်ရိုင်းများ မျိုးသုဉ်းသတ်ဖြတ်ခံနေရခြင်းကို သတိပြုနိုင်စေရန် ရည်ရွယ်သည့် အနုပညာလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အနုပညာပြပွဲနှင့်အတူ Voice of Mo Mos ဆန္ဒပြု ကတိပြုတောင်းခံလွှာတွင် လူအများပါဝင် လက်မှတ်ရေးထိုးစေရန် လူထုကိုနှိုးဆော်သည့် လှုပ်ရှားမှုကိုလည်း ပူးတွဲလုပ်ဆောင်နေခြင်းဖြစ်သည်။

“မြန်မာ့တောရိုင်းဆင်တွေဟာ သူတို့ရဲ့ သွားတွေ၊ အရေပြား၊ အစွယ်နဲ့အမြီးတွေ ရယူခံရဖို့ သတ်ဖြတ်ခံနေရပါတယ်။ ဒါကို ချက်ချင်း ရပ်တန့်ပစ်ဖို့ လိုအပ်နေပါပြီ။ မြန်မာ့ဆင်တွေကို ကယ်တင်ဖို့ ကျွန်တော်တို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။ ဆင်တွေကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာအဖြစ်ရော၊ အသုံးအဆောင်ပစ္စည်းအဖြစ်ပါ ရောင်းချနေတာ တွေ့ရတယ်။ အဲဒါကို အရောင်းအဝယ်မလုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ရောင်းဝယ်နေတာကိုလည်း ရပ်တန့်ပစ်ဖို့ အတူတကွ ကတိပြု လက်မှတ်ရေးထိုးဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့အားလုံးချစ်တဲ့ မိုမိုတွေကို ကယ်တင်နိုင်မှာပါ” ဟု အနုပညာရှင် အာကာကျော်က တိုက်တွန်းထားသည်။

လူငယ်အနုပညာရှင် အာကာကျော်၏ ‘ဆင်တွေကိုချစ်တယ်’ အနုပညာပြပွဲကို Junction City မြေညီထပ်တွင် ပြသထားမည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စက္ကူဆင်ရုပ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ရန် ရည်ရွယ်ဖန်တီးထားသည့် ဆင်ရုပ်ကြီး အပါအဝင် အနုပညာလက်ရာများအား ပြသထားခြင်းဖြစ်သည်။ ထို့ပြင် မိုမိုတို့၏ ရင်တွင်းစကားသံ အစီအစဉ်မှ လူထုဝန်ဆောင်မှု ကြေညာချက်များ၊ ဆင်များနှင့်ပတ်သက်သည့် အကြောင်းအရာများအား ကုန်တိုက်၏ အတွင်းအပြင်ရှိ ဒစ်ဂျစ်တယ်မျက်နှာပြင်များတွင်ပြသမည် ဖြစ်သည်။ ဆန္ဒပြုကတိ လက်မှတ်ရေးထိုးရန် တောင်းခံထားသည့် ရင်တွင်းစကားသံ ဗီဒီယိုဖိုလ်ကိုလည်း JCVG ၏ရုပ်ရှင်ရုံ ၁၉ ရုံ၌ တစ်နေ့လျှင်လေးကြိမ်နှုန်းနှင့် တစ်လတိတိပြသရန် စီစဉ်ထားကြောင်း သိရသည်။

Junction City တွင် ပါဝင်ပြသထားသည့် စက္ကူဆင်ရုပ်မှာ ဝါးဖြင့်ရက်လုပ်ထားသည့် အောက်ခံဘောင်ပေါ်တွင် သတင်းစာ စက္ကူအဟောင်းများကိုကပ်ပြီး ရောင်စုံခြယ်ကာ နှစ်လကြာ ဖန်တီးထားခြင်းဖြစ်သည်။ ယင်းစက္ကူဆင်ရုပ်၏ အမြင့်မှာ ၂၁ ပေ၊ အလျားမှာ ၂၁ ပေနှင့် အနံ ၇ ပေရှိပြီးလက်ရှိ ဂင်းနစ်စံချိန်တင်ထားသည့် စက္ကူရုပ်ထက် ထက်ဝက်ကြီးမားကြောင်း သိရသည်။ အဆိုပါ ဆင်ရုပ်ကြီးများအား Voice of Mo Mos လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံ၌ ဦးစွာပြုလုပ်ခဲ့ပြီး Junction Square တွင် သုံးပတ်ကြာပြသခဲ့ကာ ယခုအခါ Junction City တွင် ဇန်နဝါရီလကုန်အထိ ပြသမည်ဖြစ်သည်။

Most Read

Most Recent