တေးသံရှင် တင်ဇာမော်နှင့် တွေ့ဆုံခြင်း

တေးသံရှင် တင်ဇာမော်နှင့် တွေ့ဆုံခြင်း
Published 16 January 2018

ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ ပြိုင်ပွဲဝင်စိစစ် ရွေးချယ်မှုများ စတင်ပြုလုပ်တော့မည့် Myanmar Idol Season 3 တွင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် တေးသံရှင်တင်ဇာမော်က ထပ်မံပါဝင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အပြင် စီးတီးအက်ဖ်အမ်ရေဒီယို၏ ၁၆ နှစ်ပြည့် နှစ်ပတ်လည်ဆုပေးပွဲတွင်လည်း ၂၀၁၇ တစ်နှစ်တာလုံးအတွက် ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ် ထုတ်လုပ်သူဆုနှင့် ရောင်းအားအကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုများအား ဆွတ်ခူးရရှိခဲ့ပါသည်။ ဂီတခရီးလမ်းအတွင်း အောင်မြင်မှုများစွာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသူ တေးသံရှင် တင်ဇာမော်နှင့်တွေ့ဆုံ၍ Myanmar Idol Season 3 တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ရန်ပြင်ဆင်ထားမှုများ၊ ဆက်လက်လုပ်ဆောင်သွားမည့် ဂီတလှုပ်ရှားမှုများအကြောင်းကို မေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး -  Myanmar Idol Season 3 မှာ ဒုတိယအကြိမ် Judge အဖြစ် ပါဝင်ဖြစ်တဲ့ ခံစားချက်လေး အရင်သိချင်ပါတယ်ရှင့်။

■ ဖြေ- မနှစ်ကတော့ အစစအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ပြိုင်ပွဲဝင်တွေအပေါ်မှာ အကောင်းဆုံး အကြံဉာဏ်တွေပေးနိုင်ဖို့ အတွက်ကြိုးစားခဲ့တယ်။ ဒီနှစ် ထပ်လုပ်ရမယ်ဆိုတော့ပိုပြီး တာဝန်ကြီးတယ်လို့ ခံစားရပါ တယ်။ အကဲဖြတ်ဒိုင်လုပ်တဲ့အခါ ပြောရမယ့်စကားတွေ၊ ကလေးတွေကိုချီးမွမ်းရမယ့် အခါမျိုးမှာလည်း သုံးနှုန်းရမယ့်စကားတွေ၊ ထောက်ပြအကြံပေးတဲ့အခါလည်း သုံးနှုန်းရမယ့်စကားတွေ၊ မနှစ်ကထက်ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာရမယ်လို့ အသိစိတ်က ရှိပါတယ်။ အဲဒီအတွက်ပိုပြီး တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။

■ မေး- ဒီနှစ်မှာ audition လုပ်မယ့်နေရာတွေ ပိုများလာသလို ပြည်ပနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာပြိုင်ပွဲဝင်တွေလည်း ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တဲ့အတွက် ဝါသနာရှင်တွေအတွက် အခွင့်အလမ်းတွေပိုများလာတယ်လို့ ပြောလို့ရမလား။

■ ဖြေ -  ပြောလို့ရပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတွေ အများကြီးရှိတယ်။ အစ်မကိုယ်တိုင်လည်း လန်ဒန်မှာနေတာ ၁၀ နှစ်ကျော်ပြီ။ ဒါပေမဲ့ မြန်မာစာအုပ်ပဲကိုင်ထားပါတယ်။ အစ်မလိုမျိုး မြန်မာစာအုပ်ကိုင်ထားတဲ့ မြန်မာတွေ ကမ္ဘာပေါ်ကနေရာအနှံ့မှာ ရှိမယ်လို့ ထင်တယ်။ အစ်မလိုပဲ ဂီတကိုရူးသွပ်တဲ့ လူငယ်လူရွယ်တွေ အများကြီးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ မြန်မာလူမျိုး၊ မြန်မာပတ်စပို့ကိုင်ထားပြီးတော့ ဂီတပေါ်မှာရူးသွပ်တဲ့ လူငယ်တွေ အများကြီးရှိမယ်လို့ မျှော်လင့်တဲ့အတွက် သူတို့ဝါသနာပါရာလမ်းကြောင်းပေါ်ကို ရောက်လာမယ့်လမ်းစတစ်ခုလို့ မြင်ပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်လို့ ယုံကြည်တယ်။ မျှော်လင့်တယ်။

■ မေး- မနှစ်က အတွေ့အကြုံအရ ဒိုင်တွေကိုယ်တိုင်က ဝမ်းနည်းတာ၊ ဝမ်းသာတာဆိုတဲ့ အတွေ့အကြုံတွေ ရှိခဲ့သလို ပရိသတ်နဲ့ထိပ်တိုက်တိုးရတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာတွေရှိတော့ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ဖို့ ပြင်ဆင်ထားပါလဲ။

■ ဖြေ -  အစ်မက စိတ်ခံစားမှုက အရမ်းနုတယ်။ ဝမ်းနည်းရတဲ့ခံစားမှုဆိုလည်း သူများထက် မြန်တယ်။ ပျော်တယ်၊ ဝမ်းသာတယ်ဆိုလည်း ထိုနည်းလည်းကောင်းပါ။ ပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်နေတဲ့အခါ သာမန်ပရိသတ်တစ်ယောက်က ခံစားရသလို ခံစားရပေမယ့်လည်း အစ်မက ရင့်ကျက်ရမယ်။ ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ လိုအပ်တဲ့ ထိမိတဲ့အချက်အလက်တွေကို ဒိုင်နဲ့ပြိုင်ပွဲဝင်တွေကြား ပိုပြီးဖြည့်တင်းတည်ဆောက်ရမယ်လို့ ခံစားရတယ်။ နားလည်တယ်။

■ မေး-  ပြိုင်ပွဲဝင်တွေအတွက် အကြိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။

■ ဖြေ -  ပြိုင်ပွဲဝင်တွေကို အားပေးချင်တယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း စိတ်ရှည်ဖို့၊ စိတ်ဓာတ်ကျမလွယ်ဖို့။ တာဝေးအပြေးသမားလိုပဲ အမောခံနိုင်ဖို့။ စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောပေါ့လေ။ ဝမ်းသာစရာတွေ ဝမ်းနည်းစရာတွေကို ကြံ့ကြံ့ခံနိုင်ရမယ်။ တစ်ခါတလေရှိတတ်တယ်။ အရည်အချင်းချင်းတူတဲ့သူတွေ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဒီလိုခံစားမှုတွေ ပိုရှိတတ်ပါတယ်။ အဓိကတော့ ကိုယ်ပြိုင်ပွဲဝင်တဲ့အပေါ်မှာပဲ အာရုံစူးစိုက်ထားဖို့။ အစ်မကိုယ်တိုင်လည်း ဒိုင်လုပ်တဲ့အပေါ်မှာပဲ အာရုံစူးစိုက်ထားမယ်။ လူဖြစ်တဲ့အတွက် ခံစားချက်တွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပေါ်မှာ ဘယ်လောက်ပဲတူညီမျှတဲ့ ချစ်ခြင်းကိုပေးဖို့ ကြိုးစားပေမယ့် ကိုယ်တိုင်ပရိသတ်တစ်ဦးအနေနဲ့ရော ဒိုင်တစ်ဦးအနေနဲ့ပါ သူတို့ရဲ့ Favourite ဆိုတာရှိတတ်ပါတယ်။ အဲဒီနောက်ကို ပါမသွားဖို့ကြိုးစားရသလိုပဲ ပြိုင်ပွဲဝင်တွေကလည်း ကိုယ့်အရည်အချင်းကို အမြဲပြည့်နေအောင်ကြိုးစားပြီး ပြိုင်ပွဲဝင်အချင်းချင်းလည်း မေတ္တာစေတနာရှေ့ထားပြီး မျှမျှတတ ဖေးဖေးမမ ကြိုးစားဖို့ အရေးကြီးပါတယ်။ စိတ်ရှင်းနေမှလည်း ကိုယ့်နှလုံးသားက ထုတ်လွှတ်လိုက်တဲ့ ဂီတဖန်တီးမှုက ပရိသတ်ဆီကို လှလှလေးစီးဆင်းသွားမှာပါ။ အဲဒီအချက်အရေးကြီးပါတယ်။ စိတ်ရောခန္ဓာ ကိုယ်ပိုင်းဆိုင်ရာမှာပါ ကြံ့ခိုင်ဖို့ တည်ဆောက်ထားပါလို့ ပြောချင်ပါတယ်။

■ မေး- မြန်မာနိုင်ငံပြန်လာတဲ့အချိန်မှာ ဘယ်လို အနုပညာလှုပ်ရှားမှုမျိုးတွေ လုပ်ဖို့ရှိမလဲ။

■ ဖြေ- ပထမတော့ ရည်ရွယ်ထားပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီမှာ မန္တလေးမှာ တစ်ကိုယ်တော်ပွဲလုပ်ဖို့ ရည်မှန်းထားခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဖူး။ အခုဒီနှစ်ကုန်ပိုင်းလောက်တော့ မန္တလေးကို သွားနိုင်အောင်ကြိုးစားမယ်။ လောလောဆယ် ပြန်လာတာကတော့ Myanmar Idol အတွက်ပြန်လာတာပါ။ အဲဒီအပေါ်ပဲ အာရုံစူးစိုက်သွားပါမယ်။

■ မေး -  အောက်တိုဘာလမှာလုပ်ခဲ့တဲ့ 7 Concert ကလည်း အရမ်းအောင်မြင်ခဲ့တော့ အဲဒီပွဲကို အခွေအဖြစ် ပြန်ထုတ်ဖို့ရှိမလား။

■ ဖြေ -  ဒီပွဲက အနုပညာရှင်တစ်ဦးအနေနဲ့ ဖျော်ဖြေတင်ဆက်သူတစ်ဦးသာ ဖြစ်တယ်။ အစ်မ မပိုင်ဆိုင်ပါဘူး။ ဒီပွဲမှာ ပွဲရှင်ရှိပါတယ်။ သူတို့ကတော့ Live Show ခွေထုတ်ဖို့ ရည်မှန်းထားတာပါ။ အဲဒါကြောင့် ဒီပွဲကိုဘယ် Channel ကမှ မထုတ်ခဲ့ဘူး။ လောလောဆယ်တော့ သူတို့လည်း အလုပ်များနေတော့ အခွေအတွက် အစ်မနဲ့သေချာ Decision မချရသေးဘူး။ အစ်မကတော့ ဒီအခွေလေးကို ထွက်ချင်ပါတယ်။ ထွက်ဖြစ်တယ်ဆိုရင်လည်း ပရိသတ်အတွက်ရော အစ်မအတွက်ပါ အမှတ်တရဖြစ်မယ့် အခွေလေးပါ။

■ မေး -  စီးတီးအက်ဖ်အမ်ပွဲမှာ ဆုနှစ်ခုရခဲ့တဲ့ ခံစားချက်လည်း ပြောပြပါဦး။

■ ဖြေ - လုံးဝမျှော်လင့်မထားတဲ့ဆုပါ။ ဒီဆုကိုရခဲ့တာက အားပေးတဲ့ပရိသတ်တွေကြောင့်ပါပဲ။ ဒီဆုလေးကိုရရှိဖို့အတွက် မူရင်းခွေကို အားပေးခဲ့ကြတဲ့ချစ်ရ တဲ့ ပရိသတ်တွေ၊ စီးတီးအက်ဖ်အမ်ရေဒီယို၊ မေမေ၊ ခင်ပွန်း၊ အမိုး၊ သင်ဆရာ မြင်ဆရာတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Most Read

Most Recent