ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း
Published 14 January 2018

မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ကာ မိဘများနဲ့အတူ အမေရိကန်နိုင်ငံကို လိုက်ပါသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ Digital Filmmaking & Multimedia Major နဲ့ ဘွဲ့ရရှိခဲ့သူ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီဟာ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်အခြေချနေနိုင်ခဲ့ပါတယ်။ သူတတ်ကျွမ်းတဲ့အနုပညာနဲ့ အနုပညာဖန်တီးမှုတွေ လုပ်ကိုင်ဖို့စီစဉ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ 5 Network TV Channel အတွက် ‘The CHATROOM’ဗီဒီယိုဇာတ်ကားကို ရိုက်ကူးပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရက်တိုအတွင်းအကုန်ပြီးမြောက်အောင် လုပ်ဆောင်ရတဲ့ အနုပညာအလုပ်တွေကို မလုပ်နိုင်တော့တဲ့အတွက် ဗီဒီယိုဇာတ်ကားရိုက်ကူးမှုများကို ရပ်နားခဲ့သူပါ။ ၂၀၁၃ ခုနှစ်မှာတော့ BAH Production ကကမ်းလှမ်းခဲ့တဲ့ ‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ကိုရိုက်ကူးခဲ့ပါတယ်။ ‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ဟာ နိုင်ငံပေါင်းရှစ်နိုင်ငံမှာ ကျင်းပတဲ့ရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခံရပြီး Platinum Award နဲ့ Silver Palm Award တို့ကို ရရှိခဲ့ပါတယ်။ ‘မုဒြာရဲ့ ခေါ်သံ’ ဇာတ်ကားကို ပြည်တွင်းကပရိသတ်တွေက နမူနာအတိုလေးပဲကြည့်ခွင့်ရပြီး စိတ်ဝင်စားခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာတော့ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ကို ပရိသတ်တွေ ကြည့်ရှုရတော့မှာဖြစ်လို့ သူမနဲ့တွေ့ဆုံခိုက် အနုပညာဖန်တီးထားမှုတွေနဲ့ အနုပညာခံယူမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .

‘မြန်မာ့ရုပ်ရှင်ကို လုံးဝမကြည့်တော့ဘူးဆိုတဲ့သူတွေ၊ မြန်မာရုပ်ရှင်တွေ  မကြည့်ဖြစ်တာကြာပြီဆိုတဲ့ ပရိသတ်တွေကိုလည်း ဒီဇာတ်ကားလေးကိုလာကြည့်ပြီး ဝန်းရံစေချင်ပါတယ်’

 

■ မေး-  ‘ဥပါယ်တံမျဉ်’ ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေး အရင်သိပါရစေ။

■ ဖြေ-  ဒီဇာတ်လမ်းလေးကို ကိုဇဏ်ခီက လာပြတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်းက အဓိကလို့ခံယူ ထားပါတယ်။ အဲဒီအတွက် သူလာပြတည်းက ဇာတ်ညွှန်းကို ကြိုက်မယ်ရိုက်မယ်၊ မကောင်းဘူးမကြိုက်ဖူးဆိုရင် ပြင်ခွင့်ရှိမှ အလုပ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာမှ သူပြတဲ့ဇာတ်ညွှန်းကို ကိုယ့်စိတ်ကြိုက်ပြင် သူ့ဘက်ကလည်း လက်ခံပြီဆိုတော့မှ ဒီဇာတ်ကားလေးကို ရိုက်ကူးဖို့ စီစဉ်ဖြစ်တာပါ။ ဒီဇာတ်ကားလေးကို ၂၀၁၅ ခုနှစ်မှာ ကျွန်မတို့ ဇာတ်လမ်းဇာတ်ညွှန်းစရေးပြီး ၂၀၁၆ ခုနှစ် နှစ်စပိုင်းလောက်မှာ စပြီးရိုက်ကူးခဲ့တာပါ။ ဇာတ်ညွှန်းပြီးတဲ့အချိန်မှာ သုံးလလောက် Pre Production ထိုင်ပါတယ်။ ရိုက်ကူးမှုကလည်း သုံးလလောက်ကြာခဲ့ပါတယ်။ ရိုက်ကူးပြီးချိန်မှာတော့ တည်းဖြတ်မှု၊ အသံပိုင်းတွေကို တစ်နှစ်ကျော်လောက် အချိန်ယူပြီး လုပ်ခဲ့ပါတယ်။

■ မေး-  ဒီဇာတ်ကားအတွက် သက်မွန်မြင့်ကို ကမ်းလှမ်းတဲ့အခါမှာရော အခက်အခဲတွေရှိခဲ့လား။

■ ဖြေ- ဒီဇာတ်ကားအတွက် မသက်မွန်ကို ကမ်းလှမ်းတုန်းက ဇာတ်လမ်းအကြောင်းအရာ လေးကိုပဲပြောပြပြီး ကမ်းလှမ်းခဲ့တာပါ။ မသက်မွန်က ညီမရိုက်ကူးခဲ့တဲ့ ‘မုဒြာရဲ့ ခေါ်သံ’ နမူနာ အတိုလေးကို ကြည့်ဖူးတယ်။ အဲဒါကိုသူလည်းကြိုက်ခဲ့တဲ့အတွက် ညီမနဲ့ အလုပ်အတူတွဲလုပ်ဖို့ လက်ခံခဲ့တာပါ။ မသက်မွန်အနေနဲ့ ညီမတို့လုပ်ချင်တဲ့သွားချင်တဲ့ ပုံစံမျိုးမှာ အကောင်းဆုံးပါဝင် ကြိုးစားပေးခဲ့ပါတယ်။

■ မေး- ‘ဥပါယ်တံမျဉ်’ ဇာတ်ကားမှာ ရိုက်ကူးမှုပုံစံတွေ၊ နောက်ခံတေးဂီတ၊ ကင်မရာအယူအဆတွေအစ ကြည့်နေကျ မြန်မာရုပ်ရှင်တွေနဲ့ ကွဲထွက်နေခဲ့တာကရော အဲဒီလိုဖြစ်အောင် တမင်ဖန်တီးထားတာလား။

■ ဖြေ-  ညီမအနေနဲ့ ကိုယ်သင်ယူခဲ့ရတဲ့အတိုင်း ရိုက်ကူးဖြစ်တာပါ။ Artist ဆိုတဲ့နေရာမှာ တစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှုနဲ့ အကြိုက်ကတော့ မတူညီနိုင်ပါဘူး အဲဒီအပေါ်မှာ မူတည်ပြီး ဖန်တီးမှုပုံစံလေးတွေက တစ်ယောက်နဲ့တစ်ယောက်မတူဘူးလို့ ညီမထင်ပါတယ်။

■ မေး-  နိုင်ငံတကာမှာ ရိုက်ကူးနေတဲ့ ပုံစံမျိုးနဲ့ မြန်မာကြိုက်ရိုက်ကူးတာဆိုတာမျိုးကို ညီမဘယ်လိုမြင်လဲ။

■ ဖြေ-  ညီမအနေနဲ့ကတော့ လူမျိုးတစ်မျိုးအကြိုက်ကို ဖန်တီးရိုက်ကူးတယ်ဆိုတာမျိုး မရှိဘူးလို့ ထင်ပါတယ်။ ဥပမာ စာတန်းထိုး အတိအကျမပါပေမယ့်လည်း မြန်မာပရိသတ်တွေအနေနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ တင်ပြမှုတွေ သရုပ်ဆောင်မှုတွေကအစ ခံစားကြည့်ရှုနိုင်တယ်လေ။ နောက်ပြီး ညီမတို့အနေနဲ့ နိုင်ငံတကာကို တက်လှမ်းနိုင်ဖို့ဆိုရင် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ရိုက်ကူးမှုနည်းစနစ်တွေ လိုအပ်တယ်လို့ ထင်ပါတယ်။

■ မေး- ‘ဥပါယ်တံမျဉ်’ ဇာတ်ကားမှာ ဘယ်လိုအကြောင်းအရာမျိုးကို အဓိကတင်ပြထားလဲ။

■ ဖြေ-   လူမှုဖွဲ့စည်းမှုတိုင်းမှာ နိုင်ငံတိုင်းမှာ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတာကတော့ အမြဲရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လူလတ်တန်းစားက အရမ်းနည်းနေပြီးတော့ အရမ်းချမ်းသာတဲ့သူနဲ့ အရမ်းဆင်းရဲတဲ့သူတွေကိုပဲ အများဆုံးတွေ့နေရတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ဒီဇာတ်ကားမှာ လူတွေရဲ့ ဘဝတွေပြောင်းလဲမှုအပေါ် အတွေးအခေါ်တွေလည်း လိုက်ပြီးပြောင်းလဲသွားတယ်ဆိုတာမျိုး ဘဝဖြတ်သန်းမှုပုံစံတွေကို အဓိက ရိုက်ပြချင်တာပါ။ ရိုက်ကူးတဲ့အခါမှာလည်း ဒီဇာတ်ကားက တကယ့်အဖြစ်အပျက် မဟုတ်ဘူးလို့ ဇာတ်ကားမှာ စာတမ်းထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေလို ပုံစံတွေက အပြင်မှာလည်း တကယ်ရှိတတ်တာဆိုတော့ ညီမတို့တွေအနေနဲ့ ဇာတ်ကောင် စရိုက်တစ်ခုချင်းစီအပေါ်မှာ လက်တွေ့ဘဝတွေနဲ့ အနီးစပ်ဆုံးတူနိုင်ဖို့ကိုတော့ သေချာလေ့လာပြီး ပြင်ဆင်ရိုက်ကူးခဲ့ပါတယ်။

■ မေး-  ‘ဥပါယ်တံမျဉ်’  ဇာတ်ကားရုံတင်တဲ့အချိန်မှာ လက်ရှိရုပ်ရှင်ဈေးကွက်အနေအထားရ စိတ်ပူမိတာရှိလား။

■ ဖြေ-  ဟုတ်ကဲ့ အဲဒီအပေါ်မှာ စိတ်ပူမိပါတယ်။ ဇာတ်လမ်းအရလည်း အပြောင်းအလဲလေးရှိမယ်လို့ ထင်ပါတယ်။ နောက်တစ်ခု ဒီဇာတ်ကားကို ရိုက်တဲ့အခါမှာတော့ ရင်ထဲက တကယ်လာမှ မျက်လုံးမှာ ခံစားမှုတွေပေါ်မယ်ဆိုတဲ့ဟာနဲ့ သရုပ်ဆောင်ခိုင်းထားပါတယ်။ အိုက်တင်အငြိမ်လေးတွေကိုပဲ တင်ပြထားပါတယ်။ ဇာတ်ဆောင်တွေကို အိုဗာတွေ၊ အရမ်း ဝူးဝူးဝါးဝါးတွေ မလုပ်ခိုင်းထားဘူး။ ကြည့်နေမြင်နေကျပုံစံမျိုး မဟုတ်တဲ့အတွက် ပရိသတ်တွေ ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးလည်း ရှိပါတယ်။

■ မေး-  ‘ဥပါယ်တံမျဉ်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

■ ဖြေ-  ဒီဇာတ်ကားလေးကို ပရိသတ်တွေ အရမ်းလာကြည့်စေချင်ပါတယ်။ အထူးသဖြင့် (မြန်မာ့ရုပ်ရှင်ကို လုံးဝမကြည့်တော့ဘူးဆိုတဲ့သူတွေ၊ မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့ပရိသတ်တွေကိုလည်း ဒီဇာတ်ကားလေးကိုလာကြည့်ပြီး ဝန်းရံစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာရုပ်ရှင်ကို အရည်အသွေးတစ်ခုကိုထိန်းပြီး ကျွန်မတို့လူငယ်တွေ အကုန်လုံးက လပေါင်းများစွာ သေချာအချိန်ပေးပြီး ကြိုးစားထားတယ်။ ပြောင်းလဲချင်လို့လည်း တကယ်ကို သေချာရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြန်မာ့ရုပ်ရှင် ပြောင်းလဲဖို့ဆိုတာ ပရိသတ်လိုပါတယ်။ ကျွန်မတို့တွေက ဟောလီးဝုဒ်တို့ ဘောလီးဝုဒ်တို့ကိုတော့ မမီသေးပါဘူး။ ဒါပေမဲ့လည်း သူတို့လိုအဆင့်မျိုးကို တစ်နေ့ရောက်ဖို့အတွက် ဒီဇာတ်ကားက ကျွန်မတို့တွေရဲ့ ပထမဆုံး ခြေလှမ်းသစ်လည်း ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ့ရုပ်ရှင်မှာ ဈေးကွက်ဆိုပြီးတော့ မင်းသားကြီး၊ မင်းသမီးကြီးတွေရဲ့ ဇာတ်ကားတွေကိုသာ ရုံတင်ပြသတာပိုများပါတယ်။ အဲဒီအချိန်မှာမှ ကျွန်မတို့အသစ်တွေကနေ အခုလို ပွဲဦးထွက် ဇာတ်ကားလေးကို ပြသတဲ့အခါမှာ အောင်မြင်မှသာလည်း ကျွန်မပထမဆုံးရိုက်ကူးခဲ့တဲ့ ‘မုဒြာရဲ့ ခေါ်သံ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ရုံတင်ပြသခွင့်ရမှာဖြစ်လို့ပါ။

■ မေး-  ညီမလေးအနေနဲ့ နောက်ထပ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားလေးရှိရင်လည်း သိချင်ပါတယ်။

■ ဖြေ-  နောက်ထပ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားလေးရှိပါတယ်။ အဲဒီဇာတ်ကားကို ‘သီတာ’ လို့ နာမည်ပေးထားပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းကတော့ ကိုဇဏ်ခီပါပဲ။ လက်ရှိမှာတော့ ဇာတ်ညွှန်းကို ၈၅ ရာခိုင်နှုန်းလောက် ကြိုက်နေပါပြီ။ ရာနှုန်းပြည့်မကြိုက်သေးတဲ့အတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရိုက်ကူးဖြစ်ရင်လည်း ကျွန်မတို့ရဲ့ Central Base ကနေပဲ ရိုက်ကူးမှာပါ။

Most Read

Most Recent