(၂၃) ကြိမ်မြောက် Critics' Choice ဆုပေးပွဲတွင် အမျိုးသမီးများအကြောင်း ရိုက်ကူးထားသည့်ဇာတ်ကားများက အဓိကဆုများကို သိမ်းပိုက်

(၂၃) ကြိမ်မြောက် Critics' Choice ဆုပေးပွဲတွင် အမျိုးသမီးများအကြောင်း ရိုက်ကူးထားသည့်ဇာတ်ကားများက အဓိကဆုများကို သိမ်းပိုက်
Published 13 January 2018

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့တွင် ပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် Critics' Choice ဆုပေးပွဲတွင် အမျိုးသမီးများအကြောင်း ရိုက်ကူးထားသည့်ဇာတ်ကားများက အဓိကဆုများကို သိမ်းပိုက်ခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲကဏ္ဍတွင် Big Little Lies ဇာတ်လမ်းတွဲက ဆုလေးဆုဖြင့်ဦးဆောင်ခဲ့ပြီး The Handmaid's Tale က ဆုသုံးဆုဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ Wonder Woman ဇာတ်ကားက အကောင်းဆုံးအက်ရှင်ဇာတ်ကားဆုရရှိခဲ့ပြီး ယင်းဇာတ်ကား၏ အဓိကဇာတ်ကောင်ဖြစ်သည့် ဂဲလ်ဂါဒေါ့က အထူးဆုဖြစ်သည့် See Her ဆုကိုရရှိခဲ့သည်။

Big Little Lies ဇာတ်လမ်းတွဲသည် အကောင်းဆုံး Limited ဇာတ်လမ်းတွဲဆု၊ နီကိုးကစ်မန်းအတွက် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု၊ Laura Dern နှင့် Alexander Skarsgard အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုနှင့် ဇာတ်ပို့အမျိုးသားသရုပ်ဆောင်ဆုများ ရရှိခဲ့သည်။ ဒါရိုက်တာ Guillermo del Toro ၏ The Shape of Water ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုနှင့် ဒါရိုက်တာဆုအပါအဝင် ဆုလေးဆုဆွတ်ခူးခဲ့သည်။

ဇာတ်မြူးဇာတ်လမ်းတွဲကဏ္ဍတွင်လည်း အမျိုးသမီးများအကြောင်း ရိုက်ကူးထားသည့် The Marvelous Mrs. Maisel ဇာတ်လမ်းတွဲက အကောင်းဆုံး ဇာတ်မြူးဇာတ်လမ်းတွဲဆုကိုရရှိခဲ့ပြီး ယင်းဇာတ်လမ်းတွဲတွင် Miriam "Midge ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့သည့် Rachel Brosnahan က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ အမျိုးသမီးသရုပ်ဆောင်များသည် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဝတ်ဆင်သကဲ့သို့ အနက်ရောင်ဝတ်စုံများ မဝတ်ဆင်ခဲ့သော်လည်း Brosnahan က ဆုလက်ခံစကားပြောကြားရာတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကို အမြစ်ပြတ်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ယခုသီတင်းတစ်ပတ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည့် ဂျိမ်းဖရန်ကိုသည် The Disaster Artist ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သော်လည်း ဆုပေးပွဲကိုမတက်ခဲ့ပေ။ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ပြင်သစ်သရုပ်ဆောင် McDormand က Three Billboards Outside Ebbing, Missouri ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဒါရိုက်တာ Del Toro က အမျိုးသမီးများ၏ တန်းတူအခွင့်အရေးရရှိမှုကို လက်ခံသည်ဟုပြောကြားခဲ့ပြီး ဆုပေးပွဲကို ပိတ်သိမ်းခဲ့သည်။

Most Read

Most Recent