ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် အစည်ကားဆုံး နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သည့် သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်တွင် ဇာတ်သဘင် အဖွဲ့ကြီးသုံးဖွဲ့ အပြိုင်ကပြမည်

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် အစည်ကားဆုံး နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သည့် သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်တွင် ဇာတ်သဘင် အဖွဲ့ကြီးသုံးဖွဲ့ အပြိုင်ကပြမည်
Published 12 January 2018

မဟာရန်ကုန်စံပြသဘင်အဖွဲ့၏ ဖျော်ဖြေမှုတစ်ခုကိုတွေ့ရစဉ်

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် အစည်ကားဆုံးနှင့် နာမည်ကျော်ကြားဆုံးပွဲတော်တစ်ခုဖြစ်သည့် သန်လျင် ကျိုက်ခေါက် ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော် ဇာတ်သဘင် အဖွဲ့ကြီးသုံးဖွဲ့ အပြိုင်ကပြမည်ဟု သိရသည်။

အဆိုပါ သန်လျင်ကျိုက်ခေါက်ဘုရား ပွဲတော်အတွက် ပွဲကခွင့်နှင့် ဇာတ်ရုံများကို ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက လေလံပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတော်၌ ဇာတ်ရုံတစ်ရုံလျှင် လေလံကြေး ကျပ် ၄၆ သိန်း ရှိခဲ့သည်ဟု သိရသည်။

“သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်ကြီးက ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ အထင်ရှားဆုံးနဲ့ အစည်ကားဆုံး ပွဲတော်တစ်ခုပါ။ ဒီပွဲတော်မှာက ဇာတ်သဘင်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အလွှာပေါင်းစုံ လာအားပေးတဲ့ ပွဲဖြစ်သလို မြို့ပေါ်ပရိသတ်တွေလည်း အများဆုံး လာအားပေးတဲ့ ပွဲတော်တစ်ခုပါ။ ဒီနှစ်အတွက် ဇာတ်သဘင်အဖွဲ့တွေ ကပြခွင့်နဲ့ လေလံကို ဒီဇင်ဘာလကတည်းက ကျင်းပခဲ့တာပါ။ လေလံဆိုပေမယ့်လည်း ဂေါပကအဖွဲ့တွေနဲ့ ညှိနှိုင်း အဆင်ပြေခဲ့ကြတာပါ။ မနှစ်က လေလံကြေးက ကျပ် ၄၅ သိန်းပေးခဲ့ရပြီး ဒီနှစ်မှာတော့ ဇာတ်ရုံတစ်ရုံကို ကျပ် ၄၆ သိန်းနဲ့ ကပြခွင့် ရရှိခဲ့ပါတယ်။ ဇာတ်သဘင်အဖွဲ့ကြီးတွေ အပြိုင်ကပြကြတဲ့ ပွဲတော်ကြီးဖြစ်သလို ဇာတ်သဘင်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ အားပေးမှုများတဲ့အတွက် ဇာတ်ရုံအပြင်အဆင်တွေနဲ့ တင် ဆက်မှုတွေကိုလည်း အပြိုင်အဆိုင် ကြိုးစား တင်ဆက်ကြတဲ့ပွဲပါ။ မဟာရန်ကုန် စံပြသဘင်အဖွဲ့ကြီးအနေနဲ့လည်း ဒီပွဲတော်မှာ အကောင်းဆုံး ပါဝင်တင်ဆက် ကပြနိုင်ဖို့အတွက် သေချာပြင်ဆင်ကြိုးစားနေပါတယ်” ဟု မဟာရန်ကုန်စံပြသဘင်၏ ကန်ထရိုက် ကိုကျော်ဇေယျက ဆိုသည်။

ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျင်းပမည့် သန်လျင်ကျိုက်ခေါက် ဘုရားပွဲတော်တွင် မြို့ရွှေမန်းသား ဖိုးချစ်၏ ဇာတ်သဘင်အဖွဲ့၊ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းနှင့် တင်ဇာမိုးဝင်းတို့၏ မဟာရန်ကုန်စံပြ သဘင်အဖွဲ့နှင့် စွမ်းသဘင်အဖွဲ့တို့ ပါဝင် ကပြကြမည်ဟု သိရသည်။ အဆိုပါ ဇာတ်သဘင်အဖွဲ့ကြီးများအပြင် အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့၊ မိုးကြိုးငှက်ငယ်ပဒေသာကပွဲနှင့် ကြည်လဲ့လဲ့ဦး ပဒေသာကပွဲတို့လည်း ပါဝင်ကပြကြမည်ဟု သိရသည်။

သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်ကြီးတွင် ပါဝင်ကပြနိုင်ရန်အတွက် ဇာတ်သဘင်အဖွဲ့များ အနေဖြင့် ဇာတ်ရုံတည်ဆောက်မှုဒီဇိုင်းများ၊ စတိတ်စင်ဒီဇိုင်းများ အပါအဝင် ဇာတ်သဘင် တင်ဆက်မှုပုံစံသစ်များကိုလည်း ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

Most Read

Most Recent