ငယ်စဉ်ဘဝရဲ့ အလှမယ်အိပ်မက်တွေကို တစ်ဆင့်ချင်းပုံဖော် လျှောက်လှမ်းလာခဲ့သူ Miss Myanmar World အိကျော့ခိုင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ

ငယ်စဉ်ဘဝရဲ့ အလှမယ်အိပ်မက်တွေကို တစ်ဆင့်ချင်းပုံဖော် လျှောက်လှမ်းလာခဲ့သူ Miss Myanmar World အိကျော့ခိုင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 10 August 2017

ကမ္ဘာ့စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြု စလွယ်ကိုသိုင်းကာ ပါဝင်လျှောက်လှမ်းခွင့်ဆိုတာက ၂၀၁၂ ခုနှစ်ဝန်းကျင်က စတင်ပြီး မြန်မာအမျိုးသမီးငယ်တွေရဲ့ အိပ်မက်တစ်ခုအဖြစ် ပါဝင်လို့လာပါတယ်။ မိမိတို့ပိုင်ဆိုင်ထားတဲ့ အရည်အသွေးတွေကို မြှင့်တင်ပြီး နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း တတ်စွမ်းသရွေ့ အားထုတ်လို့လာကြပါတယ်။ ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss World အလှမယ်ပြိုင်ပွဲကို အခုနှစ်မှာတော့ စတုတ္ထအကြိမ်မြောက် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် အိကျော့ခိုင်က ပါဝင်ယှဉ်ပြိုင်တော့မှာပါ။ ဒီတစ်ပတ်မှာတော့ Miss Myanmar World ဆုရှင် အလှမယ်အိကျော့ခိုင်ပြောပြတဲ့ ငယ်စဉ်ဘဝက အမှတ်တရပုံရိပ်တွေ၊ အလှမယ် အိပ်မက်အကြောင်းတွေကို ပြန်လည်ဝေမျှ ပေးချင်ပါတယ်။

အလှမယ်အိကျော့ခိုင်ကို မိဘများဖြစ်ကြတဲ့ ဦးမျိုးမြင့်၊ ဒေါ်မြမြထွေးတို့က ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး မောင်နှမနှစ်ယောက်ရှိတဲ့အနက် သမီးအကြီးလည်း ဖြစ်ပါတယ်။ အိကျော့ခိုင်က ငယ်စဉ်ကလေးဘဝမှာတော့ ဆော့ကစားမက်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်း အပေါင်းအသင်း ခုံမင်သူတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ငယ်ငယ်က အရမ်းအဆော့မက်တယ်။ တစ်ချိန်လုံး ဆော့နေတာက များတယ်။ အပေါင်းအသင်းလည်း အရမ်းမက်တယ်။ သူငယ်ချင်းတွေနဲ့ အတူတူဆိုရင် လျှောက်ဆော့နေတာပဲ။ အမေကတော့ အပေါင်းအသင်း မက်တာကို အခုချိန်ထိ ခဏခဏ ပြောနေတုန်းပဲ။ အဲဒါလေးတွေကတော့ အမှတ်တရပါပဲ” လို့ အိကျော့ခိုင်က ဆိုပါတယ်။

ဒါ့အပြင် အိကျော့ခိုင်က ငယ်စဉ်ဘဝရဲ့ နောက်ထပ်အမှတ်တရ အနေနဲ့ အဒေါ်တွေ ကြားထဲကြီးပြင်းလာခဲ့သူမို့ အဒေါ်တွေက အလှပြင်ပေးသမျှခံပြီး ဓာတ်ပုံတွေရိုက်ကူးလေ့ရှိပြီး အလှပြင်ထားတဲ့ဟန်ပန်နဲ့ ဓာတ်ပုံများစွာကလည်း ငယ်စဉ်ဘဝရဲ့ ပျော်ရွှင်စရာ အမှတ်တရတွေပါလို့ အိကျော့ခိုင်ကဖြည့်စွက် ပြောပြခဲ့ပါတယ်။

အိကျော့ခိုင်က မူလတန်းမှာတော့ အ.မ.က (၁၁) တာမွေကျောင်းမှာ တက်ရောက်ခဲ့ပြီး အထက်တန်းထိကိုတော့ အ.ထ.က (၄) တာမွေကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ပညာထူးချွန်လိုသူဖြစ်ပြီး မိဘများကလည်း စည်းကမ်းတင်းကြပ်တာကြောင့် ငယ်စဉ်ပညာသင်ကြားစဉ် တစ်လျှောက်လုံးမှာ ပညာထူးချွန်သူအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အတန်းတိုင်းမှာလည်း ဘက်စုံထူးချွန်စာမေးပွဲတွေမှာ ဖြေဆိုခွင့်ရရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ဂျာမန်အထူးပြုဘာသာနဲ့ ဆက်လက် လေ့လာသင်ယူခဲ့ပါတယ်။

“တက္ကသိုလ်တက်ဖို့ရွေးတဲ့အခါ ဂျီတီစီ တက်ချင်ပေမယ့် မိဘတွေက ခွင့်မပြုတာကြောင့် UFL မှာပဲ ဂျာမန်ဘာသာ တက်ဖြစ်သွားတယ်။ အဲဒီမှာတက်နေရင်းကပဲ ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ အင်္ဂလိပ်စာကိုလည်း self-study လေ့လာဖြစ်ခဲ့တယ်။ ပညာရေးမှာ ထူးချွန်အောင်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် လုပ်မယ်ဆိုတဲ့ အတွေးကတော့ အမြဲရှိနေခဲ့ပါတယ်” လို့ အိကျော့ခိုင်က ဆိုပါတယ်။

အနုပညာဝါသနာ ဗီဇအနေနဲ့ကတော့ ငယ်စဉ်ကလေးဘဝတည်းက ရှိခဲ့ပေမယ့် အထက်တန်းကျောင်းသူအရွယ်မှာ ပိုမိုခိုင်မာလာခဲ့တယ်လို့ အိကျော့ခိုင်က ဆိုပါတယ်။ မိဘများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကြောင့် ဝါသနာကို မျိုသိပ်ပြီး ကျောင်းစာကိုသာ အပြည့်အ၀ အာရုံစိုက်ခဲ့ရတယ်လို့လည်း ငယ်စဉ်ဘဝက အခြေအနေကို ဖွင့်ဟခဲ့ပါသေးတယ်။ တက္ကသိုလ်တက်ရောက်ချိန်မှာ မော်ဒယ်လ်သင်တန်း တက်ရောက်လိုတာကြောင့် မိဘများထံ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့လည်း အိကျော့ခိုင်က ဆိုပါတယ်။

ဘွဲ့ရရှိပြီးချိန်မှာတော့ အလှမယ် အိကျော့ခိုင်က ပညာကို အခြေပြုအသက်မွေးရတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ British Council မှာ အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတဲ့အချိန်မှာပဲ ငယ်စဉ်ဘဝရဲ့ အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့တယ်လို့ အိကျော့ခိုင်က ဆိုခဲ့ပါတယ်။ Miss Myanmar World ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စတင်ပြင်ဆင်ခဲ့တယ်လို့ အိကျော့ခိုင်က ပြောပြခဲ့ပါတယ်။

အနုပညာ အတွေ့အကြုံ အခြေခံလုံးဝမရှိဘဲ ဝါသနာတစ်ခုတည်းသာ အရင်းတည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိကျော့ခိုင်အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကို ရိုးသားစွာ ကြိုးစားရင်း ကျော်ဖြတ်ခဲ့ပုံတွေကိုလည်း “အိကျော့ရဲ့ ဝါသနာအရသာဝင်ပြိုင်ခဲ့တာ ဆိုပေမယ့် အတွေ့အကြုံအရ အစိမ်းသက်သက်ဖြစ်တာကြောင့် အခက်အခဲတွေ အများကြီးရှိပါတယ်။ သင်တန်းလည်းတစ်ခုမှ မတက်ခဲ့ဖူးဘူး။ ဒီပြိုင်ပွဲမှာ သင်ခွင့်ရသလောက်သာ ကြိုးစားလေ့လာရတာ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားယှဉ် ပြိုင်ခဲ့ပါတယ်။ ဆု ဆိုတာကတော့ စပြိုင်ကတည်းကအများကြီး မျှော်လင့်မထားဘူး။ အခုတော့မြန်မာ ကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့အတွက် အများကြီးလည်း တာဝန်ကြီးသလို အများကြီးလည်း ပိုကြိုးစားသွားမှာပါ” လို့ အိကျော့ခိုင်က ပြောပြခဲ့ပါတယ်။

အလှမယ် အိကျော့ခိုင်က လတ်တလောမှာတော့ အောက်တိုဘာလမှာ စတင်ကျင်းပမယ့် Miss World ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေသလို Talent ပိုင်း ယှဉ်ပြိုင်မှုအတွက် ရခိုင်ရိုးရာ အကကိုလေ့ကျင့် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပန်းချီရေးဆွဲကာ Talent ပြသနိုင်ဖို့အတွက်လည်း ပြင်ဆင်သွားမယ်လို့ အိကျော့ခိုင်က ပြောပြခဲ့ပါတယ်။ Miss World ပြိုင်ပွဲရဲ့ Title တစ်ခုဖြစ်တဲ့ Beauty With Purpose ဆုအတွက်လည်း ကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်တွေကို အထောက်အကူပြုနိုင်မယ့် Project တစ်ခုကို ရေးဆွဲယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အိကျော့ခိုင်က အောက်တိုဘာလလယ်မှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် လက်ရှိကာလမှာတော့ လေ့ကျင့်ပြင်ဆင်မှုတွေပဲ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဆိုခဲ့ပါတယ်။

အိကျော့ခိုင်က ဘဝရဲ့လက်ကိုင်ထားတဲ့ ခံယူချက်အနေနဲ့ ရိုးရှင်းစွာ ဖြတ်သန်းလိုပြီး ရိုးရှင်းတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုလာစေတယ်လို့ လက်ဆင့်ကမ်းခဲ့ပါတယ်။ ဒီအစီအစဉ်ကို ဖတ်ရှုခြင်းအားဖြင့်လည်း အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘ၀ ပျော်ရွှင်စရာ အမှတ်တရတွေကို ခံစားနိုင်တဲ့အပြင် သင်ခန်းစာယူစရာတွေ၊ လေ့လာစရာတွေ ရရှိမယ်လို့ ယုံကြည်ကြောင်း အိကျော့ခိုင်က ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

Writer : လင်းလင်းခိုင်

Most Read

Most Recent