တရုတ်အက်ရှင်ဇာတ်ကား Wolf Warriors 2 က လက်မှတ်ရောင်းချမှု ၀င်ငွေတွင် စံချိန်သစ်တင်

တရုတ်အက်ရှင်ဇာတ်ကား Wolf Warriors 2 က The Fate of the Furious ဇာတ်ကားကို ကျော်လွန်ပြီး တရုတ်လက်မှတ် ရောင်းချမှု ၀င်ငွေစာရင်းတွင် စံချိန်သစ်တင်ခဲ့သည်။

တရုတ်ကိုယ်ခံပညာသရုပ်ဆောင် ၀ူကျင်ရိုက်ကူးသည့် Wolf Warriors 2 ဇာတ်ကားသည် ဇူလိုင် ၂၇ ရက်တွင် ပွဲဦးထွက် ဖြန့်ချိခဲ့ပြီးနောက် ရုံပြည့်ရုံလျှံ အားပေးမှုရရှိခဲ့ပြီး လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၅၀၀ (ယွမ် ၃ ဒသမ ၄ ဘီလျံ) ရရှိခဲ့သည်ဟု တရုတ်လက်မှတ်ရောင်းချမှုဝင်ငွေ စာရင်းကို လေ့လာသုံးသပ်သည့် Maoyan ၀က်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်အက်ရှင်ဇာတ်ကား The Fate of the Furious သည် ဒေါ်လာ ၃၈၀ ဒသမ ၅ သန်းဖြင့် တရုတ်နိုင်ငံ၌ ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ၀င်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်။ တရုတ်ရုပ်ရှင်လုပ်ငန်းကို မြှင့်တင်ရန်ရည်ရွယ်ပြီး ပြည်ပဇာတ်ကားများ ဖြန့်ချိမှုကို ကန့်သတ်ခဲ့သည့် နွေရာသီကာလအတွင်း တရုတ်နိုင်ငံသား ရိုက်ကူးသည့် Wolf Warriors 2 ဇာတ်ကားက တစ်ရှိန်ထိုး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များက အမည်မသတ်မှတ်ထားသည့် အာဖရိကနိုင်ငံတစ်ခုသို့ သွားရောက်ပြီး ယင်းနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် သူပုန်နှင့် အနောက်တိုင်း ကြေးစား စစ်သားများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည် တရုတ်နိုင်ငံသားများကို ကယ်တင်သည့်အကြောင်း ရိုက်ကူးထားသည့် Wolf Warriors 2 ဇာတ် ကားတွင် ၀ူကျင်၊ ဆယ်လီနာဂျိတ်၊ ဖရန့်ဂရီးလိုနှင့် ဟန်ကျန်းတို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။ ၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့သည့် စစ်ပွဲ နောက်ခံအက်ရှင်ဇာတ်ကား Wolf Warriors ၏ နောက်ဆက်တွဲဇာတ်ကား Wolf Warriors 2 သည် ပြီးခဲ့သည့်နှစ် လက်မှတ်ရောင်းချမှု ၀င်ငွေစာရင်းတွင် စံချိန်တင်ခဲ့သည့် တရုတ် – ဟောင်ကောင်ဇာတ်ကား The Mermaid ၏ ၀င်ငွေ ယွမ် ၃ ဒသမ ၃၉ ဘီလျံကိုလည်း ကျော်တက်ခဲ့သည်ဟု Maoyan က ထုတ်ပြန်ခဲ့သည်။