<

လွင်မိုး၊ လူမင်း၊ ပြေတီဦးနှင့် နေတိုးတို့အဓိက ပါဝင် ‘လူကြီးလူကောင်းများ’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်း အခမ်းအနား ပြုလုပ်

လွင်မိုး၊ လူမင်း၊ ပြေတီဦးနှင့် နေတိုးတို့ အဓိက ပါဝင်သရုပ်ဆောင်မည့် ‘လူကြီးလူ ကောင်းများ’ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲ နှင့် ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ဇန်န၀ါရီ ၉ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို The Eyes ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကား ကန်တော့ပွဲအခမ်းအနားသို့ အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ ဇာတ်ကားတွင်ပါဝင်သည့် အနုပညာရှင်များအနက် လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ Miss Universe Myanmar 2016 ထက်ထက်ထွန်း၊ Miss International 2017 စ၀်ယွန်းဝတီဦး၊ Miss Now How 2017 ယွန်းဝင့်လွှာအောင်နှင့် ရွှေအိမ်စည်တို့ တက်ရောက်ခဲ့ကြသည်။

“ဒီရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်လောကသား ၄၀၀ ကျော်ရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်တာဖြစ်သလို ရုပ်ရှင်ကိုပရိသတ်တွေ ပိုပြီးစိတ်ဝင်စားလာစေဖို့ ဈေးကွက်သဘောအရ လုပ်ဆောင်တာလည်းဖြစ်လို့ အားလုံးက အကောင်းဘက်က မြင်ပေးစေချင်ပါတယ်” ဟု လွင်မိုးက ဆိုသည်။

‘လူကြီးလူကောင်းများ’ ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ပြည်ဟိန်းသီဟ၏ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းရေး ဖွဲ့ပေးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့အပြင် ပြင်ဦးလွင်၊ ချောင်းသာနှင့် အောင်ပန်းဒေသတို့တွင် ရိုက်ကူးသွားမည်ဖြစ်ပြီး လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ စ၀်ယွန်းဝတီဦး၊ ယွန်းဝင့်လွှာအောင်၊ ရွှေအိမ်စည်တို့နှင့်အတူ ဟာသအနုပညာရှင်များစွာ ပါဝင်ကြမည်ဟု သိရသည်။

January 10, 2018














Copy Protected by Chetan's WP-Copyprotect.