<

အနက်ရောင်များဖြင့် ဖုံးလွှမ်းခဲ့သည့် ၇၅ ကြိမ်မြောက် Golden Globes ဆုပေးပွဲ

Photo – AFP

ဇန်န၀ါရီ ၇ ရက်က Beverly Hilton တွင် ကျင်းပခဲ့သော ၇၅ ကြိမ်မြောက် Golden Globes ဆုပေးပွဲသည် ဖျော်ဖြေရေး ကဏ္ဍဆုပေးပွဲရာသီ၏ အစပွဲဖြစ်သည်။

ယခုနှစ် Golden Globes ဆုပေးပွဲ၌ ရုပ်ရှင်လုပ်ငန်းမှ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနှင့် အကြမ်းဖက်မှုများကို စစ်ကြေညာလိုက်ကြောင်း ဟောလိဝုဒ်ကြယ်ပွင့်များက တစ်လေသံတည်း ထွက်ခဲ့ကြသည်။

ဟောလိဝုဒ်အထင်ကရပုဂ္ဂိုလ် ဟာဗေး ၀ိန်းစတိန်းအပါအ၀င် အခြားသူများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ခံခဲ့ရသူများနှင့် တစ်သားတည်းရှိကြောင်းကို ပြသရန် ပွဲအခမ်းအနား၏ ကော်ဇောနီကို အနက်ရောင် အဖြစ်ပြောင်းလဲခဲ့ကာ ပွဲလာရုပ်ရှင်သရုပ် ဆောင်အမျိုးသား၊ အမျိုးသမီးများအားလုံးသည်လည်း အနက်ရောင်များကိုသာ ၀တ်ဆင်လာခဲ့ကြသည်။

မှုခင်းဒရာမာ ဇာတ်လမ်းဖြစ်သော Three Billboards Outside Ebbing, Missouri က ဆုလေးဆုကို ဆွတ်ခူးပြီး ဆုအများဆုံးရရှိသည့် ရုပ်ရှင်ဖြစ်လာခဲ့သည်။

ယခုဆုပေးပွဲကို ကြီးစိုးခဲ့သော Three Billboards ၊ Lady Bird နှင့် ရုပ်သံစီးရီးများဖြစ်သော The Handmaid’s Tale ၊ Big Little Lies တို့သည် အမျိုးသမီးတို့၏ ဇာတ်ကြောင်းများပင် ဖြစ်ကြသည်။ သို့သော် ဒါရိုက်တာ ဆန်ခါတင်ဆုစာရင်းတွင် အမျိုးသမီးတစ်ဦးမျှ မပါဝင်ခဲ့သဖြင့် နာတာလီပို့မန်း၊ ဂျက်စီကာချက်စတိန်း၊ ဘာဘရာစထရာစီဆန်းတို့ထံမှ ပြင်းပြင်းထန်ထန်မှတ်ချက်များ ထွက်ပေါ်ခဲ့သည်။

ယခုဆုပေးပွဲတွင် ဆေ့သ်မေရာက အစီအစဉ်မှူးအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဂျိမ်းစ်ဖရန်ကိုက The Disaster Artist ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်မြူး သရုပ်ဆောင်ဆုကို ရရှိသွားခဲ့သည်။ ဖရန်ကိုသည် ထိုရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုအတွက် Lady Bird မှ ဆီအိုရှာရိုနန်နှင့်  I, Tonya မှ မာဂေါ့ရူဘီတို့ အပြိုင်ဖြစ်ခဲ့သော်လည်း ဆီအိုရှာရိုနန်က ဆုရရှိခဲ့သည်။

Darkest Hour ရုပ်ရှင်တွင် ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီအဖြစ် သရုပ်ဆောင်ခဲ့သော ဂယ်ရီအိုးမန်းက အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု (ဒရာမာကဏ္ဍ) ကို ရရှိသွားခဲ့သည်။

HBO မှထုတ်လုပ်သော ဇာတ်လမ်းတွဲငယ်ဖြစ်သည့် Big Little Lies က အကောင်းဆုံး Limited ရုပ်သံဇာတ်လမ်းဆုကို ရရှိသည့်အပြင် ယင်းထဲမှ သရုပ်ဆောင်များဖြစ်သည့် နီကိုးကစ်မင်း၊ အလက်ဇန္ဒားစကား စဂတ်နှင့် လော်ရာဒင်းတို့သုံးဦးမှာလည်း အကောင်းဆုံး သရုပ်ဆောင်ဆုများ ရရှိခဲ့သည်။

အမ်မီဆုပေးပွဲအတွင်းကလည်း ဆုအများအပြားရရှိခဲ့သော The Handmaid’s Tale သည် Game of Thrones ကို ဖြတ်ကျော်ပြီး အကောင်းဆုံး တီဗီဒရာမာစီးရီးဆုကို ရရှိသွားသည်။ ယင်းစီးရီးမှ အဲလိဇဘတ်မော့စ်မှာလည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

တစ်သက်တာထူးချွန်ဆုကို သရုပ်ဆောင်နှင့် မီဒီယာနယ်ပယ်တွင် ထင်ရှားသူ အော်ပရာဝင်းဖရေးက ရရှိသွားခဲ့သည်။














Copy Protected by Chetan's WP-Copyprotect.