w ဇန်န၀ါရီ ၁၂ ရက်မှစတင်ကာ မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည့် ‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း အခမ်းအနား ပြုလုပ် - Eleven Media Group <

ဇန်န၀ါရီ ၁၂ ရက်မှစတင်ကာ မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည့် ‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း အခမ်းအနား ပြုလုပ်

‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကား အထူးပွဲသို့ တက်ရောက်လာသည့် အနုပညာရှင်များ

ဇန်န၀ါရီ ၁၂ ရက်မှစတင်ကာ မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည့် ‘သုံးရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း အခမ်းအနားကို ဇန်န၀ါရီ ၇ ရက် (တနင်္ဂနွေနေ့) က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည်။

Mandalay Entartainment မှ စီစဉ် ရိုက်ကူးသည့် ‘သုံးရောင်ခြယ်’ ရုပ်ရှင်အထူးပွဲသို့ ထုတ်လုပ်ရေးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်အတူ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မင်းမော်ကွန်း၊ နေမျိုးအောင်နှင့် ဒါရိုက်တာစတီးလ် (ဒွေး မေတ္တာ) တို့ တက်ရောက်ခဲ့ကြသည်။

“ဒီဇာတ်ကားလေးက နယ်စပ်ဒေသကို ရောင်းစားခံရပြီး ပြည့်တန်ဆာဖြစ်သွားရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကို တင်ပြထားတဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းလေးက ပရိသတ်တွေအတွက် အသိတစ်ခုခုတော့ ရစေမှာပါ” ဟု Mandalay Entartainment ၏ ဒါရိုက်တာ မဇွန်ဥုက်က ဆိုသည်။

‘သုံးရောင်ခြယ်’ ဇာတ်ကားသည် ဘရဏီကျော်၏ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးထားခြင်း ဖြစ်သည်။

“ဒီဇာတ်လမ်းမှာ ကျွန်တော်က အောင်ခက်ဆိုတဲ့ လူကုန်ကူးတဲ့ လူတစ်ဦးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဗီလိန်ဇာတ်ရုပ်ဖြစ်ပေမဲ့ ကျွန်တော်မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်စရိုက်မျိုးဖြစ်တဲ့အတွက် ကျွန်တော်ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ကျွန်တော်ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင် ပါဝင်ထားပါတယ်” ဟု မင်းမော်ကွန်းက ဆိုသည်။

‘သုံးရောင်ခြယ်’ ဇာတ်ကားသည် ထိုင်းနယ်စပ်တွင် နေထိုင်ရင်းမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်သွားရာမှ ကြုံတွေ့ရသည့် အဖြစ်များကြောင့် မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် ချစ်သူကောင်မလေးနှင့် ကွဲကွာခဲ့ရပြီး ချစ်သူကောင်မလေးသည်လည်း ဘ၀တွင် ဆိုးရွားသည့် အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ ထိုင်းနိုင်ငံမှ ပြန်လာချိန်တွင် ချစ်သူမိန်းကလေးကို ပြန်လည်ရှာဖွေရာမှ ဖြစ်ပေါ်လာသည်များကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

အဆိုပါဇာတ်ကားတွင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပို၊ ရွှေသမီးတို့နှင့်အတူ အခြားသောအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။ ‘သုံးရောင်ခြယ်’ ဇာတ်ကားကို ဇန်န၀ါရီ ၁၂ ရက်မှစတင်ကာ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည်ဟု သိရသည်။

January 9, 2018














Copy Protected by Chetan's WP-Copyprotect.