<

တေးသံရှင် Mary နှင့် တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ်အတွင်း လူငယ်ဂီတချစ် ပရိသတ်များကြားတွင် ထူးခြားသည့်အသံ၊ ဆွဲဆောင်မှုရှိသည့် ဆိုဟန်တို့ဖြင့် ဖမ်းစားနိုင်ခဲ့သူတစ်ဦးမှာ Mary ပင် ဖြစ်သည်။  အွန်လိုင်းတွင် သီချင်းများ စတင်နားဆင်ခွင့် ရစဉ်ကတည်းကပင် ပရိသတ်အခိုင်အမာရရှိခဲ့ပြီး ချစ်စဖွယ် ဟန်ပန်လေးများအား မြင်တွေ့ရချိန်တွင် ပရိသတ် ပိုမိုခိုင်မာလာစေခဲ့သူလည်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် သွားရောက်နေထိုင်လျက်ရှိသည့် လူငယ်တေးသံရှင် Mary က ၂၀၁၇ အားနှုတ်ဆက်ကာ ၂၀၁၈ ကိုကြိုဆိုသည့် နယူးရီးယားအချိန်တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိလာပြီးနောက် အနုပညာဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကာ ၂၀၁၈ နှစ်ဆန်းမှစတင်ကာ မြန်မာနိုင်ငံတွင်သာ ပြန်လည်အခြေချနေထိုင်မည့် အကြောင်းကိုလည်း ပရိသတ်များထံ သတင်းစကားပါးခဲ့သူ ဖြစ်သည်။ ၂၀၁၈ အတွင်း တစ်ကိုယ်တော်တေးစီးရီးထွက်ရှိ ရန်ပြင်ဆင်ထားကာ အနုပညာလှုပ်ရှားမှု ခြေလှမ်းများစွာဖြင့် အရှိန်ယူဖန်တီးရန် ပြင်ဆင်ထားသည့် တေးသံရှင် Mary နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချနေထိုင်ရန် ဆုံးဖြတ်ဖြစ်ပုံ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလှုပ်ရှားမှုများ၊ ၂၀၁၇ ခုနှစ် အတွင်းကြုံခဲ့ရသည့် အပြောင်းအလဲများအပေါ် သုံးသပ်မှုများအား မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

■ မေး – မြန်မာနိုင်ငံမှာ အခုတစ်ခေါက်ပြန်လာဖြစ်တာ ဘယ်လောက်ကြာကြာနေ ဖြစ်မလဲ။

■ ဖြေ – ဒီတစ်ခေါက်က နှစ်ပတ်လောက်နေဖြစ်တယ်။ ပြီးရင် ဂျပန်ကို သုံးပတ်လောက်ပြန်သွားနေရမယ်။ ပြီးရင်တော့ မြန်မာနိုင်ငံကို အပြီးပြန်လာနေထိုင်ဖို့ စီစဉ်ထားပါတယ်။

■ မေး – နယူးရီးယားအမီ ပြန်လာခဲ့တာဆိုတော့ အခုတစ်ခေါက်ပြန်လာတဲ့အချိန်မှာ ဘာတွေလုပ်ဖြစ်ခဲ့လဲ။

■ ဖြေ – ဒီတစ်ခေါက်ပြန်လာတဲ့အချိန်မှာ နယူးရီးယားနဲ့လည်း တိုက်ဆိုင်နေတော့ သီချင်းတွေဆိုဖြစ်တယ်။ ပရိသတ်တွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်။ နယူးရီးယား မတိုင်ခင်တစ်ရက်က Huawei Year End Sales ပွဲမှာ ပါဝင်ဖြစ်တယ်။ နယူးရီးယားညမှာလည်း သီချင်းဆိုရင်းပဲ ဖြတ်သန်းဖြစ်တယ်။ နောက်ရက်တွေမှာတော့ ကြော်ငြာရိုက်တယ်။ တခြားအနုပညာအလုပ်တွေလည်း လုပ်ဖြစ်ပါတယ်။

■ မေး – အခုက နှစ်သစ်ဆိုတော့ ပရိသတ်တွေအတွက် ဆုတောင်းစကားလေးပြောပေးပါဦး။

■ ဖြေ – နှစ်သစ်မှာ ၂၀၁၇ မှာရခဲ့တဲ့ သင်ခန်းစာတွေကို အကျိုးရှိရှိအသုံးချပြီး ပြင်ဆင်နိုင်ပါစေ။ ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

■ မေး – ၂၀၁၇ မှာ Mary အတွက် အချိုးအကွေ့တွေအများကြီး ကြုံခဲ့တယ်ဆိုတော့ အမှတ်တရနှစ် တစ်နှစ်လို့ ပြောလို့ရလား။

■ ဖြေ – ၂၀၁၇ မှာ Mary အတွက် အချိုးအကွေ့တွေ၊ အပြောင်းအလဲတွေ အများကြီးကြုံတွေ့ရပါတယ်။ Challenge တွေလည်း အများကြီးရခဲ့တယ်။ အများကြီးစီစဉ်ထားတဲ့ အရာတွေကိုလည်း ပြန်ပြီးပြောင်းဖို့ ဆုံးဖြတ်ဖြစ်တဲ့ နှစ်တစ်နှစ်ပေါ့။ Mary အတွက်တော့ ကိုယ်ဝါသနာပါတဲ့ ဂီတအလုပ်ကိုလည်း လုပ်ခွင့်ရသလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရခဲ့တဲ့အတွက် ပိုပြီးအမှတ်တရ နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။

■ မေး – ၂၀၁၇ မှာရခဲ့တဲ့ အတွေ့အကြုံတွေကနေ ၂၀၁၈ မှာ ဘယ်လိုတွေဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။

■ ဖြေ – ၂၀၁၇ မှာ Mary အသက်ရှူရတဲ့ ပတ်ဝန်းကျင်ကအစ ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ Mary ကြုံတွေ့ခဲ့ရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေအားလုံး၊ သင်ခန်းစာတွေအားလုံးကို ကောင်းကောင်းအသုံးချပြီး ၂၀၁၈ မှာ ကောင်းမွန်တိုးတက်တဲ့ အပြောင်းအလဲတွေဖြစ်အောင် ကြိုးစားဖို့ ရည်မှန်းထားတယ်။

■ မေး – မြန်မာနိုင်ငံမှာပြန်ပြီး အခြေချဖို့ ဆုံးဖြတ်ဖြစ်တဲ့ အကြောင်းကရော။ ပညာရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုတွေ ဆက်လုပ်ဖြစ်သွားမလဲ။

■ ဖြေ – အဓိကတော့ အရင်ကတည်းကလည်း ကျောင်းပြီးသွားရင် မြန်မာနိုင်ငံကိုပြန်လာနေဖို့က မိဘတွေနဲ့ တိုင်ပင်ပြီးသားပေါ့နော်။ အခုကတော့ နည်းနည်းပိုစောသွားတဲ့ သဘောပေါ့။ ဒီရောက်လာတဲ့အခါ လုပ်ဖြစ်ဖို့စိတ်ကူးထားတဲ့ အလုပ်လည်း နည်းနည်းပြောင်းလဲသွားတယ်။ ပညာရေးနဲ့ပတ်သက်လို့ကတော့ သင်ယူထားတဲ့ပညာကို အသုံးချပြီးတော့ လုပ်ဖြစ်မှာပါ။ ၀ါသနာပါတဲ့ ဂီတအလုပ်ကိုလည်း လုပ်ဖို့စီစဉ်ထားတယ်။

■ မေး – တစ်ကိုယ်တော်ခွေလည်း စီစဉ်နေပြီဆိုတော့ အခုနှစ်ထဲမှာ နားထောင်ခွင့်ရမလား။

■ ဖြေ – ၂၀၁၈ ထဲမှာ အယ်လ်ဘမ်ထွက်မှာပါ။ စပြီးပြင်ဆင်နေပါပြီ။ သေချာလေးပြင်ဆင်ပြီးတာနဲ့ ထွက်ဖြစ်မှာပါ။

■ မေး – တစ်ခွေလုံးကိုရော ကိုယ်တိုင်ပဲရေးဖြစ်မလား။ တခြားတေးရေးတွေကိုရော အပ်ဖြစ်မလား။

■ ဖြေ -Mary က အများကြီး မရေးနိုင်တဲ့အခါကျတော့ တေးရေးတွေနဲ့လက်တွဲပြီး အလုပ်လုပ်ဖို့ရှိပါတယ်။ အားလုံးညှိနှိုင်းပြီး လုပ်ဖြစ်သွားမှာပါ။

■ မေး -Mary ကအနုပညာအလုပ်တွေ လုပ်တဲ့အခါ ဂီတလုပ်ငန်းတစ်ခုပဲ လုပ်ဖြစ်မှာလား။ သရုပ်ဆောင်ပိုင်းအတွက် ကမ်းလှမ်းလာရင်ရော လုပ်ဖြစ်မလား။

■ ဖြေ – သရုပ်ဆောင်အလုပ်ကတော့ မလုပ်ဖြစ်လောက်ပါဘူး။ သီချင်းဆိုရတာဝါသနာပါတဲ့ အခါကျတော့ ဂီတအလုပ်သီးသန့်ပဲ လုပ်ဖြစ်မှာပါ။ တချို့ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းတာလေးတွေတော့ ရိုက်ဖြစ်မယ်။

■ မေး – ပရိသတ်အားပေးမှု များလာတာနဲ့အမျှ အနုပညာဖန်တီးမှုအပိုင်းမှာ တာဝန်ပိုကြီးလာတယ်လို့ရော ခံစားရလား။

■ ဖြေ – Pressure တော့ ပိုများလာပါတယ်။ အစတုန်းက ကိုယ့်သီချင်းလေးတွေကို အပျော်သဘောနဲ့ တင်နေတုန်းကတော့ စိတ်လွတ်လပ်မှုပိုရှိတယ်။ အခုကတော့ပရိသတ်တွေလည်း ရှိနေတော့ အကောင်းဆုံးဖြစ်အောင် သေချာကြိုးစားတယ်။ ကျန်တဲ့ပရိသတ်တွေရဲ့ တုံ့ပြန်မှု ကြိုက်ချင်း မကြိုက်ချင်းကတော့ တစ်ယောက်ချင်းရဲ့ ခံစားမှုခံယူမှုနဲ့ သက်ဆိုင်တာဖြစ်လို့ အဲဒီလိုပဲ သဘောထားပါတယ်။ Mary ဘက်ကတော့ အကောင်းဆုံး ပြင်ဆင်ပါတယ်။

■ မေး – လောလောဆယ်ရော သီချင်းအသစ် တင်ပေးဖို့ရှိဦးမလား။

■ ဖြေ – သူငယ်ချင်းတစ်ယောက်နဲ့တော့ coner song လေးတင်ပေးဖို့ရှိပါတယ်။ ဘယ်သူနဲ့ တွဲဆိုဖြစ်မလဲဆိုတာတော့ မပြောပြသေးဘူး။

■ မေး – ပရိသတ်တွေကို ပြောချင်တဲ့စကား လက်ဆောင်လေးများ ရှိမလား။

■ ဖြေ -Mary ကို အားပေးချစ်ခင်တဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ၂၀၁၈ ထဲမှာ သီချင်းအသစ်တွေလည်း ထွက်ဖို့ရှိသလို တခြားအနုပညာအလုပ်တွေလည်း လုပ်သွားဖို့ရှိပါတယ်။ Mary ကိုလည်း ဆက်လက်အားပေး ချစ်ခင်ကြပါဦးလို့။ Mary ကလည်း အားလုံးကိုချစ်ပါတယ်လို့ ပြောချင်ပါတယ်။














Copy Protected by Chetan's WP-Copyprotect.