ရွှေကမ္ဘာလုံးဆုပေးပွဲတွင် La La Land ကဆုများသိမ်းပိုက်

Photos : AFP

ခေတ်သစ် ဂီတပဒေသာရုပ်ရှင် La La Land သည် ၂၀၁၇ ဆုပေးပွဲ ရာသီအတွက် ပထမဆုံး အခမ်းအနားဖြစ်သည့် ယခုနှစ်ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အမည်စာရင်း တင်သွင်းခံထားရသော ဆုခုနစ်ဆုလုံး ရရှိသွားခဲ့သည်။

ဟောလိဝုဒ် နိုင်ငံခြား သတင်းထောက်များအသင်းက နှစ်စဉ်ကျင်းပသည့် ရွှေကမ္ဘာလုံး ဆုပေးပွဲ၏ (၇၄) ကြိမ်မြောက် အခမ်းအနားတွင် La La Land ကအကောင်းဆုံး ဇာတ်မြူးရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ဇာတ်ဝင်တေး၊ အကောင်းဆုံး ဂီတဆုတို့ကို ရရှိခဲ့ကြသည်။

ယခင်က ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် စံချိန်တင်ထားခဲ့ကြသည့် ရုပ်ရှင်များမှာ ၁၉၇၅ ခုနှစ်က ဖြန့်ချိခဲ့သော One Flew Over the Cuckoo's Nest နှင့် ၁၉၇၈ ခုနှစ်က ဖြန့်ချိခဲ့သော Midnight Express တို့ဖြစ်ကြသည်။ ထိုရုပ်ရှင်နှစ်ကားစလုံးသည် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် ဆုခြောက်ဆု အသီးသီး ရရှိခဲ့ကြသည်။

အကောင်းဆုံး ဒရာမာရုပ်ရှင်ဆုကို Moonlight ဇာတ်ကားကရရှိခဲ့ပြီး အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင်ဆုကို ပြင်သစ်၏ မုဒိမ်းမှုကလဲ့စားအကြောင်း ရုပ်ရှင် Elle ကရရှိသွားခဲ့သည်။ ထို့ပြင် ဒရာမာကဏ္ဍအတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Elle ၏သရုပ်ဆောင် အစ်ဇဘယ်ဟူးပတ်က ရရှိသွားခဲ့သည်။ Elle သည် ဂျာမန်-သြစတြီးယားရုပ်ရှင် Toni Erdmann ကိုဖြတ်ကျော်၍ အကောင်းဆုံး နိုင်ငံခြားဘာသာ ရုပ်ရှင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ရုပ်သံကဏ္ဍအတွက် ဆုများတွင် ဖြစ်ရပ်မှန် အခြေပြု ဇာတ်လမ်းတွဲ The People vs O.J.Simpson: American Crime Story ကအကောင်းဆုံး ရုပ်သံရုပ်ရှင်ဆုကို ရရှိခဲ့သည်။ ထို့ပြင် ယင်းဇာတ်လမ်းတွဲ၌ အစိုးရရှေ့နေ မာစီယာကလပ်အဖြစ် သရုပ်ဆောင်သော ဆာရာပေါ်ဆင်က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

ယခုနှစ်အတွက် တစ်သက်တာ ထူးချွန်ဆုကို အသက် ၆၇ နှစ်အရွယ် အော်စကာသုံးဆုရှင် မာရီစထရိက ရရှိခဲ့ပြီး ဆုလက်ခံမိန့်ခွန်းတွင် သမ္မတလောင်း ဒေါ်နယ်ထရန့်အား ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့သည်။ ရွှေကမ္ဘာလုံးဆုအတွက် ၂၉ ကြိမ် အမည်စာရင်း တင်သွင်းခံရဖူးပြီး ဆုရှစ်ဆု ရရှိထားသော စထရိသည် သူ၏မျိုးဆက်တွင် အထူးချွန်ဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

စထရိက “မလေးစားမှုသည် မလေးစားမှုကို ဖိတ်ခေါ်ကြောင်း၊ အကြမ်းဖက်မှုသည် အကြမ်းဖက်မှုကို လှုံ့ဆော်ကြောင်း” ပြောကြားခဲ့ပြီး သြဇာကြီးသူ တစ်ဦးသည် အခြားသူများကို အနိုင်ကျင့်ရန်အတွက် သူ၏အနေအထားအား အသုံးပြုလာပါက အားလုံးအရှုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။