သရုပ်ဆောင် ဂျက်ဖ်ဘရေ့ခ်ျ ဟောလိဝုဒ်၏ TCL Chinese Theatre တွင်ဂုဏ်ပြုခံရ

အော်စကာဆုရ သရုပ်ဆောင် ဂျက်ဖ်ဘရေ့ခ်ျသည် ဇန်န၀ါရီ ၆ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ TCL Chinese Theatre တွင် ခြေရာလက်ရာများ ပုံနှိပ်ဖော်ပြသည့် အခမ်းအနားဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

ဘရေ့ခ်ျက ၎င်း၏လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို ဘိလပ်မြေတုံးတွင် အရာထင်အောင် ဖိနှိပ်နေစဉ် ၎င်း၏မိတ်ဆွေများက ဘရေ့ခ်ျ၏ အနုပညာသက်တမ်း တစ်လျှောက် အောင်မြင်မှုခဲ့မှုများကို ပြန်ပြောင်း ပြောပြခဲ့သည်။ ယင်းအခမ်းအနားသို့ ရှရွန်စတုန်းနှင့် ခရစ်ပိုင်းအပါအ၀င် ဘရေ့ခ်ျ၏ မိတ်ဆွေများစွာ တက်ရောက်ခဲ့သည်ဟု သိရသည်။

၁၉၇၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ဟောလိဝုဒ် အထင်ကရ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဘရေ့ခ်ျသည် ၂၀၁၀ ပြည့်နှစ်တွင် Crazy Heart ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။ ဘရေ့ခ်ျသည် ကိုအင်ညီအစ်ကို ရိုက်ကူးသည့် The Big Lebowski ဇာတ်ကားဖြင့် နိုင်ငံတကာတွင် ကျော်ကြားခဲ့သည်။ အသက် ၆၇ နှစ်အရွယ်ရှိ ဘရေ့ခ်ျသည် ၂၀၁၇ ခုနှစ်တွင် Hell or High Water ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆုရရန်လည်း လျာထားခံခဲ့ရသည်။

သမိုင်းဝင်ဟောလိဝုဒ် Walk of Fame ရှိ TCL Chinese Theatre ၏မျက်နှာစာတွင် မာရီလင်မွန်ရိုး၊ ဟယ်ရီဆင်ဖို့ဒ် အပါအ၀င် ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင် ၂၀၀ ခန့်၏ခြေရာ၊ လက်ရာများနှင့် လက်မှတ်များကို ဖော်ပြထားသည်ဟု သိရသည်။