တီတီနှင့် ဒိုးနတ် (TT & Donut)

ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးအများအပြား၌ တစ်ပြိုင်နက် ရုံတင်ပြသ

ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးပြီး မြန်မာနှင့် ထိုင်းနိုင်ငံမှ အနုပညာရှင်များ ပူးပေါင်း ရိုက်ကူးထားသော TT& Donut (တီတီနှင့် ဒိုးနတ်) ရုပ်ရှင်ဇာတ်ကားကို ဇန်န၀ါရီ ၆ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာ၊ မင်္ဂလာ စံပြ၊ Junction Square & Mawtin JCGV၊ Minglar Cineplex  (ဂမုန်းပွင့်)၊ မန္တလေးမြို့ရှိ မြို့မ၊ ၀င်းလိုက်၊ JCGV၊ နေပြည်တော်ရှိ JCGV၊ ဇေယျသီရိ၊ အောင်သပြေ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ကြီးရှိ မြသုခ၊ လားရှိုးမြို့ရှိ သီတာအေး၊ သိန်းထိုက်၊ အောင်သီရိ၊ ပြင်ဦးလွင်မြို့ရှိ Movie Planet၊ ချယ်ရီလွင်၊ မော်လမြိုင်ရှိ JCGV၊ ပခုက္ကူရှိ သီဟ၊ ပုသိမ်ရှိ ရွှေပြည်တော်၊ ဘားအံရှိ တက်နေ၀န်း၊ မြ၀တီမြို့ရှိ သွန်းရွှေစင်၊ ရေနံချောင်းမြို့ရှိ ရတနာနှင့် ဗန်းမော်မြို့ရှိ စတား အစရှိသည့် ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် ရုံတင်ပြသထားသည်ဟု သိရသည်။     

ထိုင်းနိုင်ငံတွင် နေထိုင်သည့် မိန်းမပျိုလေး ဒိုးနတ်သည် ဖခင်ဖြစ်သူ၏ လူမိုက်ဂိုဏ်းစတားလုပ်ငန်းကို စွန့်လွှတ်စေချင်သူ ဖြစ်သည်။ သို့အတွက် ဖခင်ဖြစ်သူက သူသဘောတူသည့်ကောင်းနှင့် လက်ထပ်ပါက သူ၏လုပ်ငန်းကို စွန့်လွှတ်မည်ဟု ဒိုးနတ်နှင့် အပေးအယူလုပ်ရာ ဒိုးနတ်မှာ ကောင်းကို မနှစ်သက်သော်လည်း ဖခင်ကို မလွန်ဆန်နိုင်ခြင်းကြောင့် သဘောတူခဲ့ရသည်။ ကောင်းသည် ရွှေတူးဖော်ရေး လုပ်ငန်းမှ ရှယ်ယာများကို ပေးမည်ဟု ဒိုးနတ်၏ ဖခင်အား မက်လုံးပေးကာ ဒိုးနတ်ကို လက်ထပ်ပြီးနောက် ဒိုးနတ်ဖခင်ပိုင်ဆိုင်သမျှကို အပိုင်စီးရန် ကြံစည်ထားသူ ဖြစ်သည်။

ဒိုးနတ်နှင့် ကောင်းတို့၏ လက်ထပ်ပွဲကျင်းပရန် မိနစ်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် ဒိုးနတ်တစ်ယောက် မင်္ဂလာပွဲမှ ထွက်ပြေးခဲ့တော့သည်။ ဒိုးနတ်ထွက်ပြေးနိုင်ရန်အတွက် ဒိုးနတ်၏ သက်တော်စောင့်က ကူညီခဲ့သလို မင်္ဂလာပွဲသို့ ရောက်ရှိလာသည့် တီတီကို ဒိုးနတ်က သေနတ်ဖြင့် ခြိမ်းခြောက်ကာ သူမ ထွက်ပြေး လွတ်မြောက်နိုင်ရန်အတွက် အသုံးချခဲ့သည်။

မင်္ဂလာပွဲမှ ထွက်ပြေး လွတ်မြောက်လာသည့် ဒိုးနတ်တစ်ယောက် သူငယ်ချင်းထံတွင် ခေတ္တပုန်းခိုနေစဉ် ဒိုးနတ်၏ ဖခင်ဖြစ်သူကလည်း သမီးအား အသည်းအသန် လိုက်လံ ရှာဖွေနေခဲ့ရာ အပြင်သို့ထွက်လာသည့် ဒိုးနတ်တစ်ယောက် ဖခင်၏ တပည့်များ လိုက်လံဖမ်းဆီးခြင်း ခံနေရချိန်တွင် တီတီနှင့် ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ထွက်ပြေးရင်း သတိမေ့သွားသည့် ဒိုးနတ်တစ်ယောက် တီတီတည်းခိုရာ နေရာသို့ ရောက်ရှိသွားတော့သည်။ ဒိုးနတ် သတိပြန်ရလာချိန်တွင် အတိတ်မေ့နေခဲ့သည့် အတွက် တီတီကသာ ဆက်လက် ခေါ်ထားခဲ့ရတော့သည်။ သို့သော် ဒိုးနတ်တစ်ယောက် သတိပြန်ရလာပြီး ဖခင်ဖြစ်သူ၏ ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း ဖခင်ဖြစ်သူထံမှ ဒိုးနတ်တစ်ယောက် ပြန်လည် ထွက်ပြေးရန် ကြိုးစားရင်း ကောင်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

တီတီသည် ရန်ကုန်ဇာတိဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် မြန်မာမိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ တီတီချစ်ရလွန်းသည့် တစ်ဦးတည်းသော ညီမလေးထံမှ ဘိုးဘွားများ ပိုင်ဆိုင်သည့် ပတ္တမြားလက်စွပ်ကို ကောင်းက လိမ်ညာရယူခဲ့ပြီး ဒိုးနတ်အတွက် မင်္ဂလာလက်စွပ်အဖြစ် ပေးအပ်ထားခြင်းဖြစ်ရာ ပတ္တမြားလက်စွပ် ပိုင်ဆိုင်ရန် ကြိုးစားမှုတွင် တီတီနှင့် ဒိုးနတ်တို့၏ ချစ်ခြင်းသံယောဇဉ်လည်း ပါဝင်လာရာမှ ဖြစ်ပေါ်လာသည်များကို ဟာသနှင့် အက်ရှင်နှောကာ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ 

Writer: 
စုမှူးနိုင်