အိန္ဒိယ၀ါရင့် သရုပ်ဆောင် အွမ်ပူရီ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန်

Gandhi၊ City of Joy နှင့် East is East ဇာတ်ကားအပါအ၀င် အောင်မြင်သည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် အိန္ဒိယ၀ါရင့် သရုပ်ဆောင် အွမ်ပူရီ အသက် ၆၆ နှစ်သည် နှလုံးဖောက်ပြန်မှု ခံစားရပြီးနောက် ဇန်န၀ါရီ ၆ ရက် အစောပိုင်းတွင် မွမ်ဘိုင်းရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့သည်ဟု Press Trust of India သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များတွင် Marathi စကားပြော ဇာတ်ကားများဖြင့် ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည့် ပူရီသည် အိန္ဒိယရုပ်သံ ဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားများအပြင် အင်္ဂလိပ်ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။ ပူရီသည် ဗြိတိန်ဒါရိုက်တာ Richard Attenborough ရိုက်ကူးသည့် အိန္ဒိယ၏ လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင် မဟတ္တမဂန္ဒီအကြောင်း ရိုက်ကူးထားသည့် Gandhi ဇာတ်ကားဖြင့် ကျော်ကြားခဲ့သည်။ သူသည် ဟောလိဝုဒ်ဇာတ်ကား Charlie Wilson's War တွင်လည်း ပါဝင်ခဲ့သည်။ ပူရီသည် ၂၀၁၄ ခုနှစ်တွင် The Hundred Foot Journey ဇာတ်ကား၌ ဗြိတိန်ဝါရင့်သရုပ်ဆောင် ဟယ်လင်မာရင်းနှင့်အပြိုင် သရုပ်ဆောင်ထားသည်။

ပူရီသည် အိန္ဒိယရုပ်ရှင် လုပ်ငန်းအတွက် အကျိုးပြုခဲ့မှုကြောင့် အိန္ဒိယတွင် အရပ်သားများကို ဂုဏ်ပြုရာတွင် စတုတ္ထအမြင့်ဆုံးဆု တံဆိပ်ဖြစ်သည့် Padma Shri တံဆိပ်နှင့် ဗြိတိန်ရုပ်ရှင်လုပ်ငန်းတွင် အထောက်အကူပြုမှုများအတွက် OBE ဘွဲ့ဖြင့် ချီးမြှင့်ခံခဲ့ရသည်။

အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီက ပူရီသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း Twitter တွင် ရေးသားခဲ့သည်။ ဘောလိဝုဒ်ဒါရိုက်တာနှင့် သရုပ်ဆောင်များကလည်း ပူရီသေဆုံးသည့် သတင်းကြောင့် ၀မ်းနည်းပူဆွေးသည်ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။