BIGBANG အဖွဲ့ဝင် တေယန်းနှင့် သရုပ်ဆောင်မင်ဟိုရင် ဖေဖော်ဝါရီတွင် လက်ထပ်မည်

BIGBANG အဖွဲ့ဝင် တေယန်းနှင့် သရုပ်ဆောင်မင်ဟိုရင် ဖေဖော်ဝါရီတွင် လက်ထပ်မည်
Published 5 January 2018

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BIGBANG  မှ အဆိုတော်တေယန်းနှင့် သရုပ်ဆောင်မင်ဟိုရင်သည် ဖေဖော်ဝါရီ ၃ ရက်တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ လက်ထပ်မည်ဟု တေယန်း၏အေဂျင်စီ YG Entertainment က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တေယန်းနှင့် မင်ဟိုရင်သည် ဆိုးလ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် လက်ထပ်ပြီးနောက် အင်ချွန်းရှိ Paradise City ဟိုတယ်တွင် မင်္ဂလာဧည့်ခံပွဲကျင်းပမည်ဟု YG Entertainment က ထုတ်ပြန်ခဲ့သည်။

“ဘဝမှာ အရေးပါတဲ့ ကဏ္ဍသစ်တစ်ခုကို စတင်တော့မယ့် တေယန်းနဲ့ မင်ဟိုရင်အတွက် ပရိသတ်တွေက ဆုတောင်းပေးကြမယ်လို့ မျှော်လင့်ပါတယ်”  ဟု YG က ထုတ်ပြန်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ တေယန်းနှင့် အသက် ၃၁ နှစ်ရှိ မင်ဟိုရင်တို့သည် ၂၀၁၄ ခုနှစ်တွင် တွဲခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်တွင် ၎င်းတို့မေတ္တာမျှနေသည့်အကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုသော ကောလာဟလများကို တေယန်းက ပြီးခဲ့သည့်နှစ် သြဂုတ်တွင် ငြင်းဆိုခဲ့ပြီး မင်သည် မိမိကို စိတ်ကူးစိတ်သန်းများ ထက်မြက်စေသည့်သူဟု ပြောကြားခဲ့သည်။

တေယန်းသည် အသက် ၁၂ နှစ်အရွယ်တွင် YG Entertainment ၌ ဂီတအတွက် လေ့ကျင့်သင်ကြားခဲ့ပြီး ခြောက်နှစ်အကြာ ၂၀၀၆ ခုနှစ်တွင် BIGBANG အဖွဲ့ဝင်အဖြစ် ဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ တေယန်းသည် ၂၀၀၈ ခုနှစ်တွင် Hot ဟု အမည်ပေးထားသည့် ပွဲဦးထွက်တစ်ကိုယ်တော် EP ကို ဖြန့်ချိခဲ့သည်။ ယင်း EP သည် ဂီတဝေဖန်သူများ၏ ချီးမွမ်းမှုရရှိခဲ့ပြီး ခြောက်ကြိမ်မြောက် ကိုရီးယားဂီတဆုပေးပွဲတွင် အကောင်းဆုံး R&B & Soul အယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။ တေယန်းသည် Eyes, Nose, Lips နှင့် Look at Me Only စသည့် သီချင်းများဖြင့် တစ်ကိုယ်တော်အဆိုတော် အဖြစ်လည်း အောင်မြင်မှုရရှိခဲ့သည်။

မင်သည် ၂၀၀၆ ခုနှစ်တွင် မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကသို့ဝင်ရောက်ခဲ့ပြီး Sunny၊ The Grand Heist စသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ မင်သည် မကြာမီဖြန့်ချိမည့် Uhm Bok-dong ဇာတ်ကားတွင်လည်း ရိန်း၊ ကန်ဆိုရာတို့နှင့် အတူ တွဲဖက်သရုပ်ဆောင်ထားသည်။

တေယန်းသည် ယခုနှစ် ပထမနှစ်ဝက်တွင် စစ်မှုတာဝန်ထမ်းဆောင်မည်ဟု ယူဆရသည်။ BIGBANG အဖွဲ့ဝင် G-dragon သည်လည်း ယခုနှစ်တွင် စစ်မှုတာဝန် ထမ်းဆောင်မည်ဖြစ်သည်။

Most Read

Most Recent