အသစ်ဖွင့်လှစ်မည့် သိမ်ဖြူစာအုပ် ဈေးတန်းသည် ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် စာအုပ်အဟောင်းတန်းများအတွက် အစားထိုးနေရာတစ်ခု ဖြစ်လာနိုင်လိမ့်မည်ဟု စာအုပ်အဟောင်းတန်းမှ စာအုပ်ရောင်းသူများ မျှော်လင့်

ရန်ကုန်မြို့တွင်းရှိ စာအုပ်အဟောင်းတန်း တစ်ခုကို ၂၀၁၅ ခုနှစ် မိုးတွင်းကာလက တွေ့ရစဉ်

ယခုလာမည့် ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်မည့် သိမ်ဖြူစာအုပ် ဈေးတန်းသည် ရန်ကုန်မြို့အတွင်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် စာအုပ်အဟောင်းတန်းများအတွက် အစားထိုးနေရာတစ်ခု ဖြစ်လာနိုင်မည်ဟု စာအုပ်အဟောင်းတန်းမှ စာအုပ်ရောင်းသူများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်ဈေးတန်းကို ပြန်ကြားရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့က စာပေရပ်ဝန်း နေရာတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ဒီ ၃၇ လမ်းနဲ့ ကုန်သည်လမ်း တစ်ဝိုက်မှာ စာအုပ်အဟောင်း ရောင်းလာတာ နှစ် ၄၀ ရှိပါပြီ။ ခေတ်အဆက်ဆက် အစိုးရတာဝန်ရှိသူတွေဟာ ကျွန်တော်တို့ အဟောင်းတန်းလေးကို ပစ်ပယ်ထားခဲ့တာပါ။ ၀မ်းနည်းစရာ အရမ်းကောင်းပါတယ်။ တစ်ချိန်က ကျွန်တော်တို့ စာအုပ်အဟောင်းတန်းလေးဟာ စာအုပ်တက္ကသိုလ်လို့ နာမည်ပေးရလောက်အောင် အသိုက်အ၀န်းလေးတစ်ခု ဖြစ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အဆောက်အအုံသစ်တွေ ဆောက်၊ ဟိုဖယ်ဒီရွှေ့နဲ့ အဆင်မပြေ ဖြစ်နေတာ အတော်ကြာပါပြီ။ အခုပလက်ဖောင်းမှာပါ မရောင်းရတော့ဘူးဆိုတော့ အတော်ကို ဒုက္ခရောက်ကြရပါတယ်။ အခုလို နေရာတစ်ခု သတ်သတ်မှတ်မှတ် ဖန်တီးပေးတဲ့အတွက် ၀မ်းသာရပါတယ်” ဟု အောင်သူစာပေမှ ဦးအောင်သူကဆိုသည်။

စာအုပ်အဟောင်းတန်းများသည် လက်ရှိခေတ်၏ ပြောင်းလဲမှု အနေအထားများကြောင့်သော် လည်းကောင်း၊ မြို့ပြ၏ချဲ့ထွင်မှုများကြောင့်သော် လည်းကောင်း၊ အရောင်းအ၀ယ် အခြေအနေများကြောင့်သော် လည်းကောင်း အခြေအနေအမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင်း၌ ပျောက်ကွယ်လုနီးပါး ဖြစ်လာနေသည့် အခြေအနေတွင် ယခုကဲ့သို့ စာအုပ်ရောင်းချရန် နေရာဖန်တီးပေးခြင်းအားဖြင့် စာအုပ်အဟောင်းဆိုင်များ အဆင်ပြေလာလိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

‘အခုလိုအစီအစဉ်ကို ကျွန်တော်တို့ စာအုပ်အဟောင်းတန်းက ကြိုဆိုပါတယ်။ ကျွန်တော်တို့က ပလက်ဖောင်းပေါ်မှာ မရောင်းရဘူးလို့ ဖြစ်လာတဲ့အချိန်မှာ ဆိုင်ခန်းတွေ၊ ဘာတွေလည်း မငှားနိုင်ဘူးလေ။ ဆိုင်ခန်းငှားရင် တစ်လလေးငါးသိန်းလည်း မတတ်နိုင်ပါဘူး။ အခုလို ဈေးတန်းလေးဖွင့်ရင် သတ်သတ်မှတ်မှတ် နေရာလေး တစ်နေရာရမှာကို ၀မ်းသာပါတယ်။ ဒါပေမဲ့ တစ်ပတ်နှစ်ရက်ထဲဆိုတော့ နည်းနည်းတော့ အဆင်မပြေဘူးပေါ့။ ကျန်တဲ့ရက်တွေကိုတော့ ဒီလိုပဲ ဘုရားပွဲဈေးတွေ၊ စာပေဟောပြောပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတွေ လိုက်ရောင်းရမှာပေါ့။ အခုလိုနေရာတစ်ခုနဲ့ တစ်ပတ်နှစ်ရက်ဆိုတဲ့ အစီအစဉ်ကနေ အမြဲဖွင့်ခွင့်ဆိုတာလေး ရမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ” ဟု စာအုပ်အဟောင်းရောင်းသည့် လုပ်ငန်းကို နှစ် ၃၀ ကြာလုပ်ကိုင်ခဲ့ပြီး လက်ရှိ ၃၁ လမ်းဝန်းကျင်တွင် စာအုပ်အဟောင်းများ ရောင်းချနေသည့် ကိုစိန်က ပြောကြားသည်။

စာအုပ်ဈေးတန်းကို သိမ်ဖြူလမ်းပေါ်ရှိ ၀န်ကြီးများရုံးနှင့် ဗဟိုပုံနှိပ်စက်ရုံရှေ့တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်မည်ဖြစ်ကာ တစ်ရက်လျှင် ပေးသွင်းငွေကျပ် ၆၀၀၀၊ အခြားကုန်ကျစရိတ်များဖြင့် တစ်လလျှင် ကျပ်ငါးသောင်းဝန်းကျင်ကို ဆိုင်ခန်းခအဖြစ် ပေးသွင်းရမည်ဟု သိရသည်။

“အခုလို အစီအစဉ်လုပ်တာ အရမ်းကောင်းပါတယ်။ ဒီကုန်သည်လမ်းပေါ်မှာ ဦးလေးတို့ စာအုပ်အဟောင်း ရောင်းခဲ့တာ နှစ် ၃၀ ရှိပြီ။ ဒါပေမဲ့ အခုသိရသလောက် တစ်ရက်ကို ၆၀၀၀ နဲ့ တစ်လ ၈ ရက် သန့်ရှင်းရေး၊ လုံခြုံရေး စတဲ့တခြားစရိတ်တွေနဲ့ဆိုရင် တစ်လငါးသောင်းကျော် ပေးရမှာဆိုတော့ ဦးလေးတို့လို ကြိုက်တာယူ ၅၀၀၊ သုံးအုပ် ၁၀၀၀ သမားတွေအတွက်က နည်းနည်းစဉ်းစားစရာ ဖြစ်နေပါတယ်။ ဦးလေးတူမ မိသားစုတွေကတော့ သွားဖွင့်ကြမှာပါ။ ဦးလေးလည်း အခြေအနေကြည့်ပြီးရင်တော့ ဖွင့်ဖို့ကြိုးစားသွားမှာပါ” ဟု စာအုပ်အဟောင်းရောင်းသူ ဦးသန်းစောကဆိုသည်။

လက်ရှိ သိမ်ဖြူစာအုပ် ဈေးတန်းတွင် ၆ ပေ - ၈ ပေ အကျယ်ရှိ ဆိုင်ခန်း ၁၂၀ စာစီစဉ်ထားပြီး လက်ရှိအချိန်အထိ ဖွင့်လှစ်ရန် စာရင်းပေးသွင်းထားသည့် ဆိုင်ခန်းပေါင်း ၈၀ ၀န်းကျင်ရှိကာ စာအုပ်အဟောင်းဆိုင်များမှာ ၃၅ ဆိုင်ခန့်ရှိကြောင်း သိရသည်။

Writer: 
ပြည့်စုံနေ၀င်း