ပရိသတ်များက ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုအား လက်တွေ့ဘ၀တွင် ချစ်သူဖြစ်စေလိုဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ

လူကြိုက်များသည့် Descendants of the Sun ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့သည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကို,ကို ပရိသတ်များက လက်တွေ့ဘ၀တွင်လည်း ချစ်သူများဖြစ်စေလိုကြသည်ဟု ဇန်န၀ါရီ ၄ ရက်က ထုတ်ပြန်သည့် စစ်တမ်းအရသိရသည်။

ကိုရီးယားရုပ်သံဌာနများ၏ ၂၀၁၆ ခုနှစ် အနုပညာထူးချွန် ဆုပေးပွဲများတွင် အကောင်းဆုံး စုံတွဲသရုပ်ဆောင်ဆုအတွက် လျာထားခံရသည့် အနုပညာရှင်များအနက် မည်သည့်သရုပ်ဆောင်များကို လက်တွေ့ဘ၀တွင် ချစ်သူများအဖြစ် မြင်တွေ့ချင်သလဲဆိုသည့် မေးခွန်းကို အသက်၂၀ ကျော်နှင့် ၆၀ အတွင်းရှိ တောင်ကိုရီးယား နိုင်ငံသား ၂,၀၀၀ ၏ဖြေဆိုထားမှုအား အခြေခံပြီး အဆိုပါစစ်တမ်းကို ထုတ်ပြန်ခဲ့သည်ဟု စစ်တမ်းကောက်ခံသည့် အေဂျင်စီ Panel Marketing Interactive (PMI) ကထုတ်ပြန်ခဲ့သည်။

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုသည် ပရိသတ်ထောက်ခံမှုနှုန်း ၁၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အဆိုပါစစ်တမ်းတွင် ဦးဆောင်ခဲ့ဟု PMI ကထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် KBS ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ယင်းဇာတ်လမ်းတွဲသည် ကိုရီးယားအပါအ၀င် အာရှတစ်ဝန်းတွင် လူကြိုက်များခဲ့သည်။ တရုတ်ထုတ်လုပ်ရေး ကုမ္ပဏီ Huace Film& TV က ယင်းဇာတ်လမ်းတွဲကို ဇာတ်ကားအဖြစ် မှီငြမ်းရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရသည်။

KBS ရုပ်သံက ထုတ်လွှင့်ခဲ့သည့် The Gentlemen of Wolgyesu Tailor Shop ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့သည့် Hyun Woo နှင့် လီစီယောင်းတို့သည် အဆိုပါစစ်တမ်းတွင် ထောက်ခံမှုနှုန်း ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။ KBS ရုပ်သံကပင် ထုတ်လွှင့်ခဲ့သည့် ဂျိုဆောင်မင်းဆက် ခေတ်ကာလကို ဇာတ်အိမ်ပြုရိုက်ကူးထားသည့် Love in the Moonlight ဇာတ်ကားတွင် စုံတွဲအဖြစ် သရုပ်ဆောင်ခဲ့သည့် ပက်ဘိုဂမ်နှင့် ကင်ယိုဂျန်က ၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။