ဂျဲနက်ဂျက်ဆင် အသက် ၅၀ အရွယ်တွင် သားယောက်ျားလေး မွေးဖွား

ပေါ့ပ်အဆိုတော် ဂျဲနက်ဂျက်ဆင်သည် အသက် ၅၀ အရွယ်တွင်  ပထမဆုံးကလေးကို ဇန်န၀ါရီ ၃ ရက်က မွေးဖွားခဲ့သည်ဟု ၎င်း၏ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဂျဲနက်နှင့် ခင်ပွန်းဖြစ်သူ ကာတာစီးပွားရေးလုပ်ငန်းရှင် ၀ီဆမ်အယ်လ်မာနာက လူ့လောကသို့ ရောက်ရှိလာသည့် သားဖြစ်သူ Eissa Al Mana ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ဂျဲနက်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဂျဲနက်သည် ချောချောမွေ့မွေ့ မီးဖွားခဲ့ပြီး သက်သောင့်သက်သာ အနားယူနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။

ကွယ်လွန်သူ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ ညီမငယ် ဂျဲနက်သည် ၂၀၁၆ ခုနှစ် ဧပြီတွင် မိသားစုဘ၀ ထူထောင်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ပြီး Unbreakable ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို ရပ်နားခဲ့မှုကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ရသည်။ ဂျဲနက်သည် ကိုယ်ဝန်ကြောင့် ဖျော်ဖြေပွဲခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ကောလာဟလများတွက် ရှိခဲ့သော်လည်း ၎င်းက ယင်းအချိန်တွင် အတည်မပြုခဲ့ပေ။

ဂျဲနက်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် People မဂ္ဂဇင်း၌ ကိုယ်ဝန်ဖြင့် ရိုက်ကူးထားသည့်ပုံကို ဖော်ပြခဲ့ပြီး ပထမဆုံးကိုယ်ဝန်လွယ်ထားရသည်ဟု အတည်ပြုခဲ့သည်။

ဂျက်ဆင်မိသားစု၏ အငယ်ဆုံးကလေးဖြစ်သည့် ဂျဲနက်ဂျက်ဆင်သည် တတိယမြောက် ခင်ပွန်းဖြစ်သည့် ၀ီဆမ်အယ်လ်မာနာနှင့် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဂျဲနက်သည် ၎င်း၏ကိုယ်ရေးကိုယ်တာ အကြောင်းကို သိုသိပ်ထားတတ်သူတစ်ဦးဖြစ်ပြီး အယ်လ်မာနာနှင့် လက်ထပ်ခဲ့သည့် သတင်းကိုလည်း ချက်ချင်းမထုတ်ပြန်ခဲ့ပေ။

ဂျဲနက်ဂျက်ဆင်သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် Control ၊ Janet Jackson's Rhythm Nation 1814 စသည့် အယ်လ်ဘမ်များဖြင့် နိုင်ငံတကာတွင် ပရိသတ်အားပေးမှုရရှိခဲ့ပြီး ဂရမ်မီဆုငါးဆု ရရှိခဲ့သည်။ ဂျဲနက်သည် ဂီတသက်တမ်းတစ်လျှောက် အယ်လ်ဘမ်ရှစ်ခု ဖြန့်ချိခဲ့ပြီး ရောင်းအားအကောင်းဆုံး ခေတ်ပြိုင်အနုပညာရှင်စာရင်းတွင် ပါဝင်ခဲ့သည်။