နေခြည်ဦးနှင့် တွေ့ဆုံခြင်း

နေခြည်ဦးနှင့် တွေ့ဆုံခြင်း
Published 2 January 2018

'သရုပ်ဆောင် လုပ်တယ်ဆိုတာက ဝါသနာအရရယ်၊ ကိုယ့်ကိုလူတွေပိုသိအောင်၊ ပိုချစ်အောင်လုပ်တာဖြစ်တဲ့အတွက် စီးပွားရေးဆန်ဆန်တော့ လက်ခံဖြစ်မှာ မဟုတ်ဘူး'

Beauty Blogger တစ်ဦးအဖြစ် ပရိသတ်များ စတင်သိရှိခဲ့ပြီး အချိန်တိုအတွင်း ပရိသတ်အများအပြား၏ ချစ်ခင်အားပေးမှုကို ရယူသွားနိုင်သူမှာ Beauty Blogger နေခြည်ဦးပင်ဖြစ်သည်။ ပွင့်လင်းသွက်လက်သည့် ဟန်ပန်၊ ချစ်စဖွယ်အမူအရာ၊ စေတနာထားသည့်လမ်းညွှန်မှုတို့ဖြင့် တွဲဖက်သိရှိစေသည့် Blogger နေခြည်ဦးသည် အနုပညာရှင်တစ်ဦးကဲ့သို့ပင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်သည်။ ယခုအခါ ပထမဆုံး အနုပညာလှုပ်ရှားမှုအဖြစ် ဒါရိုက်တာအကယ်ဒမီ မီးပွား ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်နေမင်း၊ အကယ်ဒမီဝတ်မှုန်ရွှေရည်တို့နှင့် တွဲဖက်ပါဝင်ရန် စီစဉ်ထားပါသည်။ ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း ကိုယ်ပိုင် Brand အဖြစ် အမျိုးသမီးအသုံးအဆောင် Accessories များအား ထုတ်လုပ်ရန်စီစဉ်နေသူ၊ ဇာတ်ကားရိုက်ကူးမှုအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသူ၊ Beauty Blogger တစ်ဦးအဖြစ်လည်း Make up tutorial များအား တင်ဆက်ပေးလျက်ရှိနေသူ နေခြည်ဦးနှင့်တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး-ညီမလေးအနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ လက်ခံဖြစ်တာလေး အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ- နေခြည့်ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတော့ကြာပါပြီ။ နေခြည်အနေနဲ့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိသေးဘူး။ ဒါပေမဲ့ ကင်မရာအထိ အတွေ့လည်း များလာတယ်။ သူငယ်ချင်းတွေ ကလည်း အနုပညာရှင်တွေရှိတော့ သူတို့နဲ့အတူ ရှုတင်တွေလည်း လိုက်သွားဖြစ်တယ်။ ကြော်ငြာလေးတွေလည်း ရိုက်ဖြစ်လာတော့ ၂၀၁၈ လောက်မှာတော့ ဇာတ်ကားတွေ စရိုက်မယ်လို့ ဆုံးဖြတ်ဖြစ်သွားတာ။ နေခြည့်ပရိသတ်တွေထဲမှာ အရမ်းအားပေးတဲ့သူတွေရှိသလို လိုင်းပူးမှာ အရမ်းစိုးရိမ်သူတွေလည်း ရှိတယ်။ Pressure လေးတွေလည်းရှိတယ်။ ပေါ်ပင်မို့လို့လုပ်တာမျိုးလည်း မဟုတ်ဘူး။ Blogger ဆိုတာက နေခြည့်ရဲ့ မူလအလုပ်ဖြစ်တဲ့အတွက် ဒီအလုပ်ပဲ တောက်လျှောက် လုပ်ဖြစ်မှာပါ။ ဒါပေမဲ့ သရုပ်ဆောင်ရတာလည်း ဝါသနာပါသလို ဒီအလုပ်တွေက ဆက်စပ်နေတာလည်းဖြစ်တာကြောင့် ရိုက်ဖြစ်တာပါရှင့်။

 

မေး- ပထမဆုံး ဇာတ်ကားက အရေးကြီးမှာပေါ့နော်။ ဒီအတွက် ဒီဇာတ်ကားကို ဘာကြောင့် ပထမဆုံးဇာတ်ကားအဖြစ် ရွေးချယ်ဖြစ်တာလဲ။

ဖြေ- ပထမဆုံးတော့ ရွှေစင်ဦး ထုတ်လုပ်ရေးပေါ့နော်။ ဇာတ်ကားကောင်းတွေအများကြီး ဖန်တီးတဲ့ ထုတ်လုပ်ရေးဖြစ်တယ်။ တွဲရမယ့် သရုပ်ဆောင်တွေကလည်း ကိုနေမင်းနဲ့ မဝတ်မှုန်ရွှေရည်တို့ပေါ့နော်။ မင်းသားတစ်ယောက်နဲ့ နေခြည်နဲ့သာတွဲရမယ်ဆိုရင် နေခြည့် အတွက်ပိုပြီး Pressure များမယ်လို့ ထင်တယ်။ အခုက ကိုယ့်ကို လက်တွဲခေါ်နိုင်တဲ့ မင်းသားကြီး မင်းသမီးကြီးတွေ ပါတယ်။ ဒါရိုက်တာကလည်း ဦးမီးပွားဖြစ်တယ်။ ဦးမီးပွားဆိုတာကလည်း အသစ်တွေကို သင်ပေးရာမှာ အရမ်းတော်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် နေခြည်နဲ့တွေ့ဆုံတဲ့အခါလည်း ယုံကြည်မှုရှိတဲ့အတွက် ပိုပြီး အားရှိတယ်။ ဇာတ်ညွှန်း ကိုမိုးနီလွင်ဆိုတာလည်း တကယ့်နာမည်ကြီး။ ဇာတ်ညွှန်းဖတ်ကြည့်တဲ့အခါလည်း Twist လေး ထည့်ထားတာတွေ့တယ်။ ကိုယ်တိုင်ကလည်း လုပ်ကွက်ရှိတဲ့အတွက် ဒါတွေအားလုံးကြည့်ပြီးမှလက်ခံ ဖြစ်တာပါ။

 

မေး-ဇာတ်ရုပ်ပိုင်းအတွက်ရော ဘာတွေ ပြင်ဆင်သွားဖို့ လိုအပ်မယ်လို့ထင်လဲ။

ဖြေ-သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အသစ်တစ်ယောက်လည်းဖြစ်နေတော့ အများကြီး မပြင်ဆင်နိုင်သေးဘူး။ ကိုယ်ပြင်ဆင်နိုင်တာ က Styling ပိုင်းတွေပေါ့။ ကာရိုက်တာနဲ့ လိုက်ဖက်တဲ့ပုံစံတွေပေါ့။ ကြည့်တဲ့ပရိသတ်တွေအတွက်လည်း တစ်ခုခုပေးချင်တယ်။ နေခြည်တို့ငယ်ငယ်ကဆိုရင် မမို့ရဲ့ မျက်ခုံး၊ နှုတ်ခမ်းနီ စသဖြင့် ကျန်ခဲ့သလိုမျိုးပေါ့။ နေခြည့်အလှည့်မှာလည်း အဲဒီလိုကျန်ခဲ့စေချင်တယ်။အဝတ်အစားကအစ Stylist နဲ့သေချာတွဲသွားတယ်။ ကိုယ့် Emotion အပေါ်မူတည်ပြီး အရောင်အတွဲအစပ်တွေကအစ ဦးမီးပွားကလည်း အများကြီးသင်ပေးထားတယ်။ ဦးမီးပွားရဲ့လမ်းညွှန်မှုအောက်ကပဲသွားမယ်။ နေခြည်ကြိုက်တဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကိုလည်း လေ့လာနေပါတယ်။

 

မေး-သရုပ်ဆောင်လုပ်ဖို့အတွက် စိန်ခေါ်မှုတွေ များ တယ်လို့ရော မထင်ဘူးလား။

ဖြေ-သရုပ်ဆောင်လုပ်တယ်ဆိုတာ ဝါသနာအရရယ် ပြီးတော့ နေခြည့်ကို လူတွေသိစေချင်တယ်။ Beauty Blogger နေခြည်ဦးဆိုတာက မြို့ကြီးတွေကတော့ သိကြပေမယ့်  တီဗွီကိုအားကိုးတဲ့ နယ်ကပရိသတ်တချို့က မသိဘူး။ နေခြည်က ကောင်းတဲ့ဆောင်ပုဒ်နဲ့ အများကသိစေချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နေခြည်ကိုယ်ပိုင် Brand တစ်ခုလုပ်မယ်ဆိုလည်း အရမ်းအဆင်ပြေတယ်။ ဒါကိုလည်း စီးပွားရေးအရလုပ်တာမဟုတ်ဘဲ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်တစ်ခုအနေနဲ့ လုပ်ချင်တာ။

 

မေး- သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆက်လုပ်မယ်ဆိုရင်ရော ဇာတ်ကားလက်ခံမှုအပိုင်းကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သွားမလဲ။

ဖြေ- ဒီဇာတ်ကားထွက်လာတဲ့အခါ Chilies တွေတင်မဟုတ်ဘဲ စီးပွားရေးသမားတွေ၊ ထုတ်လုပ်ရေးတွေကပါ စောင့်ကြည့်ကြမှာဖြစ်တဲ့အတွက် Pressure အရမ်းများတယ်ဆိုတာ သိတယ်။ ကိုယ့်ဘက်ကတော့ အကောင်းဆုံးလုပ်ဖို့ စဉ်းစားထားတယ်။

 

မေး-အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပြောပြချင်တာများ ရှိမလား။

ဖြေ- အချစ်ရေးနဲ့ပတ်သက်လို့ နားလည်လာတယ်။ အရင်တုန်းကလည်း ဒီအသိုင်းအဝိုင်း ထဲကလူနဲ့ကြိုက်ဖူးတဲ့အခါ အနုပညာရှင်တွေရဲ့ ခံစားချက်ကို သိပ်နားမလည်ဘူး။ ကိုယ်တိုင် ဒီလုပ်ငန်းထဲ ရောက်လာတဲ့အခါ စိတ်ခံစားချက်တွေ နားလည်လာတယ်။ အဲဒါကြောင့်လည်း နေခြည် ရည်းစားမထား ဖြစ်တော့တာ ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို နားလည်ပေးနိုင်ဖို့ဆိုတာ တော်တော်မလွယ်ဘူး။ လုပ်ရတဲ့အလုပ်က စိတ်နဲ့လုပ်ရတာ။ မအားရင်လည်း တစ်နေ့လုံး တစ်ညလုံး မအားတာမျိုးဆိုတော့ နားလည်ပေးဖို့ဆိုတာ ခက်ပါတယ်။ ကိုယ့်ကြောင့်သူများကိုလည်း စိတ်ဒုက္ခ မရောက်စေချင်ဘူး။ ဒါကြောင့်တစ်ယောက်တည်းနေရတာ ပိုကြိုက်နေတယ်။

Most Read

Most Recent