<

စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှု New Year Countdown Party တွင် တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ဖျော်ဖြေမှုကို တွေ့ရစဉ်

စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှုကို New Year Countdown Party ဖျော်ဖြေပွဲတွင် တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ စိုင်းစိုင်းနှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှုအား ည ၁၁ နာရီ ၁၅ မိနစ်တွင် စတင်မည်ဖြစ်ပြီး Frenzo Production Artist များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ ဘန်နီဖြိုး၊ G – Fatt တို့မှ ပါဝင်ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“New Year Countdown ပွဲမှာ ကျွန်တော်တို့ စိုင်းစိုင်းနဲ့ သူငယ်ချင်းများလည်း ပါဝင်ဖျော်ဖြေပါမယ်။ နှစ်တိုင်းကလည်း နယူးရီးယားဆိုရင် ပရိသတ်တွေနဲ့အတူ သီချင်းတွေဆိုရင်း ဖြတ်သန်းနေကျပါ။ အခုနှစ်မှာ ထူးခြားတာက ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ရုပ်သံလိုင်းကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းက ပရိသတ်များနဲ့အတူ နှစ်သစ်ကိုကြိုဆိုခွင့်ရမှာပါ။ ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို အားပေးရင်းနဲ့ နှစ်သစ်ကိုကြိုဆိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ချိန်ခါလည်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင် G – Fatt ကလည်း “ကျွန်တော်တို့အခုနှစ်မှာ နယူးရီးယားအကြိုပွဲကို ဖြတ်သန်းရင်းနဲ့ နှစ်သစ်ကိုကြိုဆိုမှာပါ။ ကျွန်တော်တို့ ဖျော်ဖြေမှုက ည ၁၁ နာရီဝန်းကျင် လောက်စတင်ပါမယ်။ ပရိသတ်တွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုနိုင်ကြမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ကိုယ်တိုင်ပါဝင်ဖြတ်သန်းနိုင်သူတွေရော မဖြတ်သန်းနိုင်သူတွေလည်း ရုပ်သံလိုင်းကနေ ကြည့်ရှုရင်း ဖြတ်သန်းနိုင်မှာပါ” ဟု ဆိုသည်။

New Year Countdown Party ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဂျီလတ်၊ Ar-T ၊ Snare ၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ G- Fatt ၊ ချစ်သုဝေ၊ အိမ့်ချစ်၊ ၀ိုင်းစုခိုင်သိန်း၊ Bobby Soxer တို့ ပါဝင်တင်ဆက်မည်ဖြစ်သည်။ ဖျော်ဖြေပွဲအား ညနေ ၅ နာရီတွင် စတင်မည်ဖြစ်ပြီး အခမဲ့တင်ဆက်မည်ဖြစ်ကာ လက်မှတ်များအား 4TV Showroom ၌ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  စိုင်းစိုင်းနှင့်သူငယ်ချင်းများသည် ယခင်နှစ်များကလည်း နှစ်သစ်အကြိုဖျော်ဖြေပွဲများ၌ ပါဝင်တင်ဆက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဖျော်ဖြေမှုအား တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

December 30, 2017














Copy Protected by Chetan's WP-Copyprotect.