တေးသံရှင်ဇော်ဝင်းထွဋ်၏ Rock N Roll Travellers Live Concert ဇန်နဝါရီ ၂၀ ရက်တွင် Rose Garden Hotel၌ ပြုလုပ်မည်

တေးသံရှင်ဇော်ဝင်းထွဋ်၏ Rock N Roll Travellers Live Concert ဇန်နဝါရီ ၂၀ ရက်တွင် Rose Garden Hotel၌ ပြုလုပ်မည်
Published 30 December 2017

တေးသံရှင်ဇော်ဝင်းထွဋ်၏ ဖျော်ဖြေပွဲတစ်ခုမြင်ကွင်း

တေးသံရှင်ဇော်ဝင်းထွဋ်၏ Rock N Roll Travellers Live Concert ကို ဇန်နဝါရီ ၂၀ ရက်တွင် Rose Garden Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ဇော်ဝင်းထွဋ်က တစ်ကိုယ်တော်တင်ဆက်မှုပြုလုပ်မည့်အပြင် ဂီတခရီးလမ်းတစ်လျှောက် ဖြတ်သန်းခဲ့သည့် အချိန်ကာလအတွင်း ထင်ရှားသည့် တေးသီချင်းများအား စိတ်ကြိုက်ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျွန်တော့်ရဲ့တစ်ကိုယ်တော်ပွဲ တစ်ပွဲလုပ်ဖို့ရှိပါတယ်။ ဒီပွဲမှာ Rock N Roll Traveller လို့ နာမည်ပေးထားတဲ့အတိုင်းပဲ ဖြတ်သန်းခဲ့တဲ့ ဂီတခရီးလမ်းတစ်လျှောက် အမှတ်တရဖြစ်ခဲ့တဲ့ သီချင်းတွေထဲကပဲ စိတ်ကြိုက်ရွေးချယ် ဖျော်ဖြေမှာပါ။ ကျွန်တော့် ပရိသတ်တွေ စိတ်ကြိုက်ဖြစ်စေမယ့်ပွဲတစ်ပွဲ ဖြစ်အောင်လည်း တင်ဆက်သွားပါမယ်။ သီချင်းတွေကတော့ ရွေးထားပါတယ်။ ဖျော်ဖြေမယ့်ပုံစံတွေကလည်း ခါတိုင်းပွဲတွေလိုပါပဲ။ သေချာပြင်ဆင်ထားပါတယ်။ အခုနောက်ပိုင်း တစ်ကိုယ်တော်ပွဲ သိပ်မလုပ်ဖြစ်ဘူး။ တီးဝိုင်းတွေပေါင်းပြီး ဖျော်ဖြေတာတွေ လုပ်ဖြစ်တာများတယ်။ ဒီပွဲကတော့ တစ်ကိုယ်တော်တင်ဆက်မှုပါ” ဟု တေးသံရှင် ဇော်ဝင်းထွဋ်က ဆိုသည်။

တေးသံရှင်ဇော်ဝင်းထွဋ်၏ Rock N Roll Travellers Live Concert ကို လက်မှတ်အမျိုးအစား သုံးမျိုးခွဲခြားရောင်းချမည် ဖြစ်ပြီး VIP လက်မှတ်အမျိုးအစားဖြစ်သည့် Gold Seat အတွက် ဈေးနှုန်းမကြေညာထားဘဲ ပုံမှန်ထိုင်ခုံလက်မှတ်အတွက် ကျပ်ရှစ်သောင်းဟု သတ်မှတ်ထားကြောင်း သိရသည်။ မတ်တတ်ရပ်ကြည့်ရှုလိုသူများအတွက် ကျပ်ငါးသောင်း သတ်မှတ်ထားကာ လက်မှတ်အမျိုးအစားတိုင်းအတွက် ညစာပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်လက်မှတ်များအား ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ Emperor Fan Club တွင် မှာယူနိုင်မည်ဖြစ်ပြီး ပုံမှန်လက်မှတ်များအား ဇန်နဝါရီ ၁၀ ရက်မှစတင်ကာ မန်းသီရိတေးသံသွင်းနှင့် SNW ဆိုင်ခွဲများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင်ဇော်ဝင်းထွဋ်၏ Rock N Roll Travellers Live Concert မှာ ဖြတ်သန်းခဲ့သည့် ဂီတမိုင်တိုင်များအတွင်း အမှတ်တရများအား တင်ဆက်သွားမည့် ဖျော်ဖြေပွဲ ဖြစ်ကာ ပရိသတ်များနှင့် အမှတ်တရရှိစေခဲ့သည့် တေးသီချင်းကောင်းများစွာကို တင်ဆက်ပေးမည့် ဖျော်ဖြေပွဲလည်းဖြစ်သည်။ ဖျော်ဖြေပွဲတွင် အင်ပါယာတီးဝိုင်း၏ တီးခတ်တင်ဆက်မှုများနှင့်အတူ တေးသံရှင် ဇော်ဝင်းထွဋ်၏ ဖျော်ဖြေမှုများအား ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ တေးသံရှင်ဇော်ဝင်းထွဋ်သည် ဒီဇင်ဘာလအတွင်းတွင် The Journey တေးစီးရီးထွက်ရှိခြင်း အမှတ်တရအဖြစ် Hard Rock Cafe တွင် ရန်ကုန်ပရိ သတ်များအားတွေ့ဆုံကာ အမှတ်တရဖျော်ဖြေခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီ တွင်လည်း မန္တလေးရွှေပြည်သာဟိုတယ်၌ ပရိသတ်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ နှစ်သစ်အကြိုဖျော်ဖြေပွဲအားလည်း ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် တင်ဆက်မည် ဖြစ်သည်။

Most Read

Most Recent