အလှမယ်တစ်ဦးအဖြစ်မှသည် တေးသံရှင်တစ်ဦးအဖြစ်ပါ ပရိသတ် လက်ခံအားပေးမှုရရှိနေသူ ဝိုင်းလေး၏ ငယ်ဘဝဖြတ်သန်းရာ

အလှမယ်တစ်ဦးအဖြစ်မှသည် တေးသံရှင်တစ်ဦးအဖြစ်ပါ ပရိသတ် လက်ခံအားပေးမှုရရှိနေသူ ဝိုင်းလေး၏ ငယ်ဘဝဖြတ်သန်းရာ
Published 28 December 2017

နိုင်ငံတကာပြိုင်ပွဲစင်မြင့်များထက်မှာ မြန်မာကိုယ်စားပြု အလှမယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တာ ငါးနှစ်တာကာလကိုဖြတ်ကျော်ခဲ့ပြီးပါပြီ။ မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရစဉ် အချိန်ကာလတွေမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလပြီးဆုံးချိန်မှာတော့ မိမိတို့ဝါသနာပါရာအနုပညာ စာမျက်နှာထက်မှာ ကိုယ်စီပါဝင်ခြယ်မှုန်းရင်းဖြတ်သန်းနေကြတဲ့ အလှမယ်များစွာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မြန်မာကိုယ်စားပြု အလှမယ်တွေထဲက Miss World အလှမယ် ပြိုင်ပွဲမှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး လက်ရှိမှာတော့ ဂီတစာမျက်နှာထက်မှာ ပရိသတ်အားပေးချစ်ခင်မှုရရှိနေတဲ့ တေးသံရှင် ဝိုင်းလေးရဲ့ငယ်စဉ် ဘဝအမှတ်တရပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

ဝိုင်းလေးကို မိဘများဖြစ်ကြတဲ့ ဦးမိုးကျော်-ဒေါ်နုနုတို့က သြဂုတ် ၃ ရက် ၁၉၉၄ ခုနှစ်မှာ ရန်ကုန်မှာမွေးဖွားခဲ့ကြပြီး အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ ဖခင်ဖြစ်သူက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာကြောင့် ငယ်စဉ်ဘဝမှာ နယ်မျိုးစုံမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ ငယ်စဉ်ဘ၀ အမှတ်တရအနေနဲ့ကတော့ ငယ်ငယ်ကတည်းက ဂီတသံစဉ်တွေ၊ တေးသီချင်းတွေကို နှစ်သက်တယ်လို့ဆိုပါတယ်။

ပညာသင်ကြားချိန်မှာလည်း ကျောင်း စာကိုတက်ကြွ စိတ်ဝင်စားပေမယ့် ငယ်စဉ် ပညာသင်ကြားမှုတစ်လျှောက်မှာ ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာကြောင့် ရှစ်တန်းနှစ်လောက်အထိ ပုံမှန်လောက်သာရှိခဲ့တယ်လို့ဆိုပါတယ်။ နဝမတန်းနှစ်မှာတော့ ဘိုင်အိုဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားလာရတာကြောင့် ကျောင်းစာတွေကို ပိုမိုစိတ်ဝင်စားလာတယ်လို့ဆိုပါတယ်။ စိတ်ဝင်စားမှုများပြားလာတာနဲ့အမျှ ကြိုးစားအားထုတ်မှုလည်း မြင့်တက်လာတာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ လေးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။

“ငယ်ငယ်ကတည်းကလည်း ကျောင်းစာကို တော်အောင်တော့ ကြိုးစားပါတယ်။ ဒါပေမဲ့ လေးတန်းကနေရှစ်တန်းနှစ်အထိက ဆိုကရေးတီးပြိုင်ပွဲတွေ ဝင်ပြိုင်နေတာဆိုတော့ အရမ်းတော်တဲ့အထဲတော့ မပါခဲ့ဘူး။ နဝမတန်းမှာတော့ ဘိုင်အိုဘာသာရပ်ကိုသင်ရတော့ အရမ်းစိတ်ဝင်စားတယ်။ အဲဒီကမှ စာပိုကြိုးစားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်” လို့ ဝိုင်းလေးက ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်အပြီးမှာ ဝိုင်းလေးက Y.U.F.L မှာပြင်သစ်ဘာသာအဓိက ဆက်လက်ဆည်းပူးခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ပြင်သစ်ဘာသာစကားကို လေ့လာချင်တာကြောင့် ပြင်သစ်ဘာသာအထူးပြုအဖြစ် တက်ရောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ပညာရေးမှာ တစ်ဆင့်ချင်းကြိုးစားလာခဲ့တဲ့ဝိုင်းလေးရဲ့ ဂီတဝါသနာကတော့ စဉ်ဘဝကတည်းက အစပျိုးခဲ့တယ်လို့ဆိုရမှာပါ။ စတုတ္ထတန်းကျောင်းသူဘဝကစပြီး ဆိုကရေးတီးပြိုင်ပွဲရဲ့ပတ္တလားတီးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို နောက်ပိုင်းနှစ်တွေမှာလည်း ပတ္တလားတီးနဲ့စန္ဒရားတီး ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝိုင်းလေးရဲ့ စန္ဒရားတီးဆရာတစ်ဦးကတော့ အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်လို့ ဆိုပါတယ်။

“ဝိုင်းလေးရဲ့လက်ဦးဆရာတစ်ဦးက ဆရာစန္ဒရားတင်ဝင်းလှိုင်ပါ။ ဆရာက ဝိုင်းလေးကိုစမ်းသင်ကြည့်ပြီး သင်ယူလွယ်တယ်၊ တတ်လွယ်တယ်ဆိုပြီး အဆင့်ဆင့်ဆက်ပြီး သင်ပေးခဲ့တာပါ။ အရမ်း ဝါသနာပါတာ ကြောင့် ကြိုးစားပြီးသင်ယူခဲ့ပါတယ်” လို့ ဝိုင်းလေးက ဂီတပညာ လေ့လာဆည်းပူးခဲ့မှုကို ရှင်းပြခဲ့ပါတယ်။

ဝိုင်းလေးက ဆိုကရေးတီးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်နှစ်ခုနဲ့ ငွေတံဆိပ်နှစ်ခုတို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ပြင်သစ်ဘာသာ လေ့လာသင်ယူနေချိန်မှာတော့ ဘဝရဲ့အပြောင်းအလဲတစ်ခုဖြစ်လာစေမယ့် အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ Theme အမျိုးမျိုးအလိုက် တေးသီချင်းများစွာကို ပါဝင်ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆယ်ကျော်သက် လူငယ်ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ် အားပေးမှုရရှိပြီး နောက်ဆုံး အဆင့်ပြိုင်ပွဲမှာ 2nd runner UP ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“အိပ်မက်ဆုံရာပြိုင်ပွဲကို အရမ်းစိတ်ဝင်စားလို့ ယှဉ်ပြိုင်ခဲ့ပေမဲ့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။

ပြင်သစ်ဘာသာ စကားတက်နေတဲ့အချိန်မှာ အိပ်မက်ဆုံရာအတွက် Activities တွေ မနက်အစောကြီးလုပ်၊ တချို့ရက်တွေမှာ ကျောင်းပျက်ရတော့ စာမလိုက်နိုင်မှာစိုးတဲ့အတွက် တစ်နေကုန် ကျောင်းတက်ပြီးရင် ညနေပိုင်းပြင်သစ်သံရုံးမှာ ဆက်တက်နဲ့ တော်တော်ကို ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားခဲ့တာပါ” လို့ ဝိုင်းလေးက ဆိုပါတယ်။

ဝိုင်းလေးက သူ့ဘဝရဲ့နောက်ထပ် အချိုးအကွေ့တစ်ခုအဖြစ် Miss Myanmar World ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ Miss World ပြိုင်ပွဲကို ပထမဆုံးမြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုလို့ယူဆပြီး ပါဝင်ယှဉ်ပြိုင်ဖြစ် ခဲ့တာလို့ဆိုပါတယ်။ ဝိုင်းလေးရဲ့ရည်ရွယ်ချက်အတိုင်းပဲ Miss World ပြိုင်ပွဲကို မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

လန်ဒန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ဝိုင်းလေးရဲ့  Miss World ပြိုင်ပွဲအတွေ့အကြုံ ကတော့ ခက်ခဲပင်ပန်းမှုတွေကြားကပဲ မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက် အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ ဝိုင်းလေးက ရှင်းပြခဲ့ပါတယ်။

ကိုယ်တိုင် သီချင်းရေးပြီး သီဆိုခဲ့တဲ့ဝိုင်းလေးက “သီချင်းတွေကိုဖန်တီးရာမှာ ဝိုင်းလေးအချိန်ယူ ကြိုးစား အားထုတ်ခဲ့တာပါ။သီချင်းတချို့ကိုလည်း အကြောင်းအရာပိုင်းကအစ ဝိုင်းလေး သေချာ ခံစားပြီး ရေးဖွဲ့ သီဆိုဖြစ်ပါတယ်။ ဒါကို ပရိသတ်တွေက အားပေးတဲ့အတွက် ဝိုင်းလေး အရမ်းပျော်ပါတယ်” လို့ တေးသီချင်းသီဆိုမှုနဲ့ ပတ်သက်ပြီး ဝိုင်းလေးကဆိုပါတယ်။

ဝိုင်းလေးက ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်သလို လတ်တလောမှာတော့ နယ်ဖျော်ဖြေပွဲများစွာမှာ ပါဝင်သီဆိုလျက်ရှိနေပါတယ်။ ဒါ့အပြင်တေး သီချင်းသစ်များစွာကိုလည်း ဖန်တီးလျက်ရှိပါတယ်။ ဝိုင်းလေးက ပြင်ဦးလွင်ပန်းပွဲတော် ဂီတဖျော်ဖြေပွဲမှာလည်း ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပြီး ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။

သူယုံကြည်ရာပညာရေး၊ အနုပညာလုပ်ငန်းတွေကို တစ်ဆင့်ချင်းကြိုးပမ်းလာခဲ့တဲ့ ဝိုင်းလေးက “တကယ်ကြိုးစားရင်၊ ဖြစ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာပဲ လက်ကိုင်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဝိုင်းလေး ကြိုးစားသွားမှာပါ။ တကယ်ဖြစ်ချင်တဲ့သူအတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာပဲရှိပါတယ်” လို့ပြောပြခဲ့ပါတယ်။

နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ငယ်ဘဝဖြတ်သန်းမှုလေးကို ရွေးချယ်ဖော်ပြဖြစ်မလဲဆိုတာ စောင့်မျှော်ကြပါဦးလို့။

Most Read

Most Recent