အကယ်ဒမီသက်မွန်မြင့်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီသက်မွန်မြင့်နှင့် တွေ့ဆုံခြင်း
Published 27 December 2017

ဒုတိယရင်သွေးလေးဖြစ်သည့် သမီးလေးအားမွေးဖွားပြီးနောက် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိသည့် အကယ်ဒမီသက်မွန်မြင့်မှာ လတ်တလောရုံတင်ပြသမည့်       ‘ဆိုင်းကြိုက်တဲ့မောင်’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပါသည်။ သက်မွန်မြင့်ပါဝင်ထားသည့် ‘ဥပါယ်တံမျဉ်’ ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားခန့် ရုံတင်ပြသရန် ကျန်ရှိနေပါသည်။ လတ်တလောတွင်လည်း ဇာတ်ကားသစ်များရိုက်ကူးရန် လက်ခံထားသည့်အပြင် မိသားစုအတွက်လည်း အချိန်ပေးနိုင်ရန်ပြင်ဆင်ကာ  ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့် Sweet Child ကလေးအသုံးအဆောင် ပစ္စည်းအရောင်းဆိုင်အတွက်လည်း တစ်နှစ်ပြည့် အမှတ်တရများစွာဖြင့် ရောင်းချပေးလျက်ရှိသူ ဖြစ်သည်။ အကယ်ဒမီသက်မွန်မြင့်၏ လတ်တလော အနုပညာရေးရာအဖြာဖြာ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများအတွက် ပြင်ဆင်ထားမှုများ၊ မိသားစုဘဝနှင့် အနုပညာရှင်တစ်ဦး၏ စိတ်ခံစားချက်များအကြား စီမံခန့်ခွဲမှုစသည်တို့ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

‘ဥပါယ်တံမျဉ်ဇာတ်ကားမှာက သက်မွန်သရုပ်ဆောင်ရတဲ့ ကာရိုက်တာလေးကလည်း ထူးခြားတဲ့အခါကျတော့ မြန်မြန်တော့ ရုံတင်စေချင်ပါတယ်’

 

■မေး - ‘ဆိုင်းကြိုက်တဲ့မောင်’ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ အမှတ်တရလေးတွေလည်း ပြန်ပြောပေးပါဦး။

■ ဖြေ - ‘ဆိုင်းကြိုက်တဲ့မောင်’ ဇာတ်ကားက သမီးလေးကိုယ်ဝန်မရှိခင်လေးမှာ ရိုက်ဖြစ်တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားလေးရဲ့ ဇာတ်လမ်းလေးက ပညာပေးလည်းပါတယ်၊ အနုပညာအရလည်း ရသစုံပါဝင်တဲ့ ဇာတ်ကားလေးပေါ့။ သက်မွန်ရိုက်ကူးတုန်းကလည်း အမှတ်တရတွေ အများကြီးပါပဲ။ အခုရုံတင်တော့မယ်ဆိုတော့လည်း သက်မွန်ဇာတ်ကားအသစ်တွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ ကျေနပ်မယ်ထင်ပါတယ်။ ဇာတ်လမ်းအရလည်း ပရိသတ်တွေကျေနပ်မယ့် ဇာတ်ကားပါ။

■ မေး - ‘ဥပါယ်တံမျဉ်’ ဇာတ်ကားကိုလည်း ရုံတင်ဖို့ကြိုးစားနေတယ်ဆိုတော့ အဲဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရကိုလည်း ပြောပြပေးပါဦး။

■ ဖြေ - ဒီဇာတ်လမ်းလေးကလည်း ထူးခြားတဲ့ သမားရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်ဖန်တီးထားတဲ့ ဇာတ်လမ်းလေးပေါ့။ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားမှာက သက်မွန်သရုပ်ဆောင်ရတဲ့ ကာရိုက်တာလေးကလည်း ထူးခြားတဲ့အခါကျတော့ မြန်မြန်တော့ ရုံတင်စေချင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေရှိမလဲတော့ မသိသေးဘူးပေါ့။ ဒီဇာတ်ကားလေးကို ရုံတင်ပြသနိုင်ဖို့တော့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ သက်မွန်ကိုယ်တိုင်လည်း ထူးထူးခြားခြားလေး ပါဝင်ခွင့်ရထားတဲ့ဇာတ်ကားဆိုတော့ မြန်မြန်ပြသခွင့် ရချင်ပါတယ်။

■ မေး - ဒီဇာတ်ကားမှာက အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပုံစံ သရုပ်ဆောင်ထားတယ်။ ပြီးတော့ ထိုင်းမင်းသမီးကရဗီလည်း ဒီဇာတ်ကားမှာ ပါဝင်ထားတယ်ဆိုတော့ အဲဒီဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံဆိုရင်ရော။

■ ဖြေ - ဒီဇာတ်ကားထဲမှာက ဇာတ်ဝင်ခန်းတွေမှာ အင်္ဂလိပ်လိုညှပ်ပြီးပြောရတာ ရှိတယ်။ နဂိုကတည်းက သက်မွန်ကစကားဝဲတဲ့အခါကျတော့ ဇာတ်ကားထဲမှာ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါပြောရတဲ့အခါ ပိုပြီးဝဲတာပေါ့။ ထစ်တာလေးတွေလည်း ရှိတယ်။ ရိုက်တုန်းက ပျော်စရာလည်းကောင်းသလို စိတ်လည်းပူတာပေါ့။ စကားပီအောင်ကြိုးစားရင်းနဲ့ အက်တင်တွေမှာ လျော့မှာလည်းစိုးရိမ်တယ်။ အိမ်ထောင်သည်ပုံစံ သရုပ်ဆောင်ရတယ်ဆိုပေမယ့် သမားရိုးကျအိမ်ထောင်ရေး ဇာတ်ကားမဟုတ်ဘဲ ဇာတ်လမ်းပုံစံက တစ်မျိုးခွဲထွက်ပြီးဖမ်းထားတာပေါ့နော်။ အဲဒါလေးတွေတော့ အမှတ်တရပေါ့။

■ မေး - ကိုယ်တိုင်လည်း အိမ်ထောင်ရှင်မတစ်ယောက်ဆိုတော့ ဒီဇာတ်ကားလေးကို ပရိသတ်တွေ ကြည့်ပြီးတဲ့အခါ ဘယ်လိုအမြင်လေးတွေ ရလာမယ်လို့ရောထင်လဲ။

■ ဖြေ - ဒါက လူ့လောကမှာဖြစ်တတ်တဲ့ သဘာဝ၊ ဘဝမှာကြုံတွေ့ရတတ်တဲ့ အကြောင်းလေးတွေကို မြင်တွေ့သွားမယ်လို့ ထင်ပါတယ်။ လူတွေဟာ ရှင်သန်နေထိုင်မှုတွေ မတူတဲ့အခါမှာ ခံယူချက်တွေ၊ အတွေးအခေါ်တွေကွဲပြားသွားတာကို တွေ့မြင်ခံစားရမယ်လို့လည်း ထင်ပါတယ်။

■ မေး - မင်းသားကလည်း ဒီ Industry မှာ တွဲဖက်ရိုက်ကူးနေကျသူမဟုတ်တော့ ဘယ်လိုညှိနှိုင်းခဲ့ရတာတွေ ရှိလဲ။

■ ဖြေ - အခက်အခဲတော့ အများကြီးမရှိပါဘူး။ ဇာတ်ကားမရိုက်ခင် Trainer နဲ့ အရင်ညှိနှိုင်းဆွေးနွေးတယ်။ သင်ပေးတယ်။ ဇာတ်ညွှန်းကိုလည်း အသေးစိတ်ပေးဖတ်တယ်။ ဒီဇာတ်လမ်းပေါ်မှာ ကိုယ်ဘယ်လိုခံစားရလဲဆိုတာကို Share လုပ်ရတယ်။ မရိုက်ခင်ဒါတွေ အားလုံးလုပ်ပြီးမှ ရိုက်ကူးတာဆိုတော့ တကယ်ရိုက်တဲ့အချိန်မှာ မခဲယဉ်းတော့ဘူး။ ရိုက်ကွင်းပေါ်မှာ သူလည်းသူ့ကာရိုက်တာအရ ခံစားချက်၊ ကိုယ်လည်းကိုယ့် ကာရိုက်တာအရခံစားချက်ဖြစ်တဲ့အတွက် အရမ်းကြီးထပ်ညှိစရာ မလိုတော့ဘူး။ အဆင်ပြေပါတယ်။

■ မေး - လက်ရှိအနုပညာ လှုပ်ရှားမှုတွေလည်း သိပါရစေ။

■ ဖြေ - ဇန်နဝါရီလထဲမှာတော့ သက်မွန်ရုပ်ရှင်ကားကြီးရော၊ ဗီဒီယိုဇာတ်ကားတွေပါ ရိုက်ကူးဖို့ရှိပါတယ်။ ဇန်နဝါရီလဆန်းမှာက ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်မှာပါ။ လလယ်မှာတော့ ကိုနေတိုးနဲ့ ဗီဒီယိုဇာတ်ကားရိုက်မှာပါ။ ဒါရိုက်တာကိုဆာမိရိုက်မှာပါ။ သားသားမွေးပြီးတဲ့ အချိန်မှာရိုက်ထားတာ ရုပ်ရှင်ကားကြီး ၁၅ ကားဝန်းကျင်လောက်ရှိတယ်။ အဲဒါတွေက အခုထိမပြရသေးဘူးပေါ့။ သားသားပဲ  သုံးနှစ်ပြည့်တော့မယ်ဆိုတော့ ဇာတ်ကားတွေပြသနိုင်ဖို့ကို စောင့်နေကြတာပေါ့။ ပရိသတ်တွေကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ အားပေးမယ်လို့ မျှော်လင့်ရတာပေါ့။

■ မေး - ဇာတ်ကားရိုက်ကူးမှုက အရမ်းများလာသလို ရုံတင်ဖို့အချိန်စောင့်ရတဲ့ အပိုင်းက ဘယ်လိုအခြေအနေ ပြောင်းလဲလာမယ်လို့ရော မျှော်လင့်လဲ။

■ ဖြေ - ဘာပဲဖြစ်ဖြစ် ကောင်းလာမယ်လို့တော့ မျှော်လင့်ပါတယ်။ အခုက ရုံရှင်ကားရှင်ညှိနှိုင်းမှုနဲ့ ပြကြတာဆိုတော့ သူတို့ဘယ်လိုကားကြိုက်မလဲ သေချာမပြောတတ်ဘူး။ အနုပညာဦးစားပေးမလား၊ စီးပွားရေး ဦးစားပေးမလား သေချာမသိဘူး။ အခုက ရုပ်ရှင်ကားအရေအတွက်က များနေတယ်။ ရုံကလည်း ထပ်ပြီးချဲ့နေတယ်ဆိုတော့ မမျှသေးဘူး။ အဲဒီတော့ အခုလိုအချိန်စောင့်ရတာတွေ ဖြစ်လာတယ်။ ထွက်လာတဲ့အချိန်မှာ ပရိသတ်နဲ့စိတ်ချင်းတူဖို့၊ အကြိုက်ချင်းနီးစပ်ဖို့ဆိုတာ ကံပဲလို့ပြောရမှာပါပဲ။

■ မေး - မိသားစုနဲ့ အချိန်ပေးတဲ့ အပိုင်းကိုရော ဘယ်လိုသတ်မှတ်ထားလဲ။

■ ဖြေ - ဇာတ်ကားရိုက်ဖြစ်တယ်ဆိုရင်တော့ မိသားစုအတွက် လစ်ဟင်းမှုတွေ အများကြီးပါ။ အမှန်အတိုင်းပြောရရင် ဇာတ်ကားရိုက်တယ်ဆိုတာက စိတ်ရောလူပါ နှစ်ရတယ်။ ကားရိုက်မရှိရင်တော့ မိသားစုအတွက်ပဲ အချိန်အပြည့်အ၀ ပေးဖြစ်တယ်။ ရန်ကုန်ထဲမှာပဲရိုက်တယ်ဆိုရင် ရှုတင်ပြီးလို့ အိမ်ပြန်တဲ့အခါ သူတို့အတွက်အချိန်ပေးလို့ရတယ်။ နယ်သွားရင်တော့ အကုန်လုံးလစ်ဟင်းသွားတယ်။ သူတို့ကိုခေါ်သွားလို့ရရင်တော့ ခေါ်သွားလိုက်တယ်။ ခေါ်လို့မရသေးဘူးဆိုရင်တော့ နည်းနည်းရှောင်ထားပါတယ်။

Most Read

Most Recent