အဆိုတော် IU ကို ၂၀၁၇ ခုနှစ်၏ ထိပ်တန်းအဆိုတော်ဟု Gallup Korea စစ်တမ်းတွင် ဖော်ပြ

အဆိုတော် IU ကို ၂၀၁၇ ခုနှစ်၏ ထိပ်တန်းအဆိုတော်ဟု Gallup Korea စစ်တမ်းတွင် ဖော်ပြ
Published 23 December 2017

ကိုရီးယားစစ်တမ်းကုမ္ပဏီ Gallup Korea ၏ နှစ်ပတ်လည်စစ်တမ်းတွင် တောင်ကိုရီးယားအဆိုတော် IU သည် ၂၀၁၇ ခုနှစ်၏ ထိပ်တန်းအဆိုတော်အဖြစ် ဖော်ပြခံရသည်။

Gallup Korea သည် ဇူလိုင် ၆ ရက်မှ ၂၆ ရက်အထိ၊ စက်တင်ဘာ ၁ ရက်မှ ၂၉ ရက်အထိနှင့် နိုဝင်ဘာ ၈ ရက်မှ ၂၈ ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ အသက် ၁၃ နှစ် မှ ၅၉ နှစ် အရွယ်အတွင်းရှိ လူ ၄,၂၀၀ ကို စစ်တမ်းကောက်ခံခဲ့ရာ IU က စုစုပေါင်းထောက်ခံမဲ ၁၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အနုပညာလုပ်ငန်းများကို ပွဲဦးထွက် လုပ်ဆောင်ခဲ့သည့် IU သည် Good Day၊ You & I နှင့် The Red Shoes စသည့်သီချင်းများဖြင့် သီချင်းရောင်းချမှု စာရင်းများတွင် လွှမ်းမိုးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် ကိုရီးယားသြဇာလွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်စာရင်းတွင် IU သည် နံပါတ်သုံးနေရာ၌ ဖော်ပြခံခဲ့ရသည်။

IU သည် Billboard ၏ ကိုရီးယားထိပ်တန်း သီချင်း ၁၀၀ စာရင်းတွင် နံပါတ်တစ်နေရာ၌ အများဆုံးဖော်ပြခံခဲ့ရသည့် အဆိုတော်ဟု ယင်းမဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ IU သည် ဂီတအပြင် ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များကို တင်ဆက်သူနှင့် သရုပ်ဆောင် အလုပ်များကိုလည်း လုပ်ဆောင်ခဲ့သည်။ Dream High ဇာတ်လမ်းတွဲတွင် ဇာတ်ပို့တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် IU သည် You're the Best ၊ The Producers ၊ Moon Lovers: Scarlet Heart Ryeo စသည့်ဇာတ်လမ်းတွဲတို့တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။

အမျိုးသမီးအဆိုတော်အဖွဲ့ TWICE က ထောက်ခံမဲ ၉ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရပြီး အဆိုတော် Jang Yun- jeong က ထောက်ခံမဲ ၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တတိယနှင့် BTS အဖွဲ့က ထောက်ခံမဲ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် ဖော်ပြခံခဲ့ရသည်။

Most Recent