ကိုရီးယားအဆိုတော် ကင်ဂျောင်ဟွန်က အထီးကျန်ဝမ်းနည်းမှုအကြောင်း သေတမ်းစာတွင် ဖော်ပြ

ကိုရီးယားအဆိုတော် ကင်ဂျောင်ဟွန်က အထီးကျန်ဝမ်းနည်းမှုအကြောင်း သေတမ်းစာတွင် ဖော်ပြ
Published 20 December 2017

ကိုရီးယား ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်သည့် ကင်ဂျောင်ဟွန်က အထီးကျန်ဝမ်းနည်း ပူဆွေးမှုနှင့် စိတ်ဖိစီးမှုခံစားနေရကြောင်း သေတမ်းစာတွင် ရေးသားခဲ့သည်။ ကင် သေဆုံးသည့် သတင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များ တုန်လှုပ်နေစဉ် ဒီဇင်ဘာ ၁၉ ရက်တွင် ယင်းသေတမ်းစာ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ SHINee ၏ အဆိုတော်၊ တေးရေးဖြစ်သည့် အသက် ၂၇ နှစ်အရွယ်ရှိ ကင်ဂျောင်ဟွန်ကို ဒီဇင်ဘာတွင် ၁၈ ရက်တွင် ဆိုးလ်ရှိ တိုက်ခန်းတစ်ခု၌ သတိမေ့လျက် တွေ့ရှိခဲ့ကြောင်း၊ ကင်သည် ဆေးရုံသို့ရောက်ပြီး မကြာမီသေဆုံးခဲ့ကြောင်း၊ ကင်သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့မှုဖြစ်ကြောင်းဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်လို့ ပြောပေးပါ။ ကျွန်တော့်ကို သွားခွင့်ပြုပါ။ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးနှုတ်ဆက်မှုပါ” ဟု ရေးထားသည့် မက်ဆေ့ချ်များကို ကင်က သတိလက်လွတ်မဖြစ်မီ ၎င်း၏ အစ်မထံ ပေးပို့ခဲ့သည်ဟု သိရသည်။ ယင်းမက်ဆေ့ချ်များကြောင့် ကင်၏အစ်မက ၎င်း၏မောင် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြံစည်နေသည်ဟု ယူဆကြောင်း ရဲကို သတင်းပေးပို့ခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ကင်၏နာရေးကို ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည်။

“ SHINee အဖွဲ့ဝင်တွေနဲ့ ကျန်ရှိတဲ့ အနုပညာရှင်တွေက ကင်သေဆုံးမှုသတင်းကြောင့် တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်ခဲ့ကြတယ်” ဟု SHINee အဖွဲ့၏အေဂျင်စီဖြစ်သည့် SM Entertainment က ထုတ်ပြန်ခဲ့သည်။ SM လက်အောက်ရှိ ကေပေါ့ပ်အနု ပညာရှင်များက ကင်၏နာရေးကြောင့် အနုပညာလုပ်ငန်းများကို ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

ကင်၏ ရင်းနှီးသည့်မိတ်ဆွေဖြစ်သည့် ဂီတပညာရှင် Nain 9 က Instagram တွင် ကင်၏ သေတမ်းစာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကင်က ၎င်း၏ သေဆုံးသည့်ဖြစ်ရပ်ကို ထုတ်ပြန်ကြေညာပေးရန် မိမိကို တောင်းဆိုခဲ့သည်ဟု Nain 9 က ပြောကြားခဲ့သည်။

“စိတ်ဖိစီးမှုက တစိမ့်စိမ့်ပွားများလာပြီးနောက်ဆုံး ကျွန်တော့်ကို လုံး၀ဝါးမျိုခဲ့တယ်။ စိတ်ဖိစီးမှုကို ကျွန်တော်ဘယ်လိုမှ အနိုင်မယူနိုင်ခဲ့ပါဘူး။ ကျွန်တော်အရမ်းကို အထီးကျန်ခဲ့တယ်” ဟု ကင်က သေတမ်းစာတွင် ရေးသားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အမျိုးသားအဆိုတော် ငါးဦးဖြင့် ဖွဲ့စည်းခဲ့သည့် SHINee  အဖွဲ့သည် တောင်ကိုရီးယား ပေါ့ပ်ယဉ်ကျေးမှုကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေခဲ့သည့် ကေပေါ့ပ်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

မြူးကြွသည့် သီချင်းများနှင့် အနုစိတ်သည့် ကကွက်များဖြင့် ဖျော်ဖြေသည့် SHINee အဖွဲ့သည် ကမ္ဘာ့အထင်ရှားဆုံး ကေပေါ့ပ်အဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်လာခဲ့သည်။ ယင်းအဖွဲ့၏ အယ်လ်ဘမ်ငါးခုသည် Billboard World Albums စာရင်း အပါအဝင် ပြည်တွင်းနှင့် ပြည်ပရှိ သီချင်းရောင်းချမှုစာရင်းများတွင် လွှမ်းမိုးခဲ့သည်။

Most Read

Most Recent