လာမည့်ပွဲစဉ်အား MMA ပြိုင်ပွဲသာ ယှဉ်ပြိုင်ထိုးသတ်လိုကြောင်း မက်ဂရီဂေါ် တုံ့ပြန်

လာမည့်ပွဲစဉ်အား MMA ပြိုင်ပွဲသာ ယှဉ်ပြိုင်ထိုးသတ်လိုကြောင်း မက်ဂရီဂေါ် တုံ့ပြန်
Published 18 December 2017

မက်ဂရီဂေါ်အား မေဝယ်သာနှင့် မထိုးသတ်မီ ပွဲကြိုမိတ်ဆက်ပွဲ၌ တွေ့ရစဉ် (Photo: AFP)

နာမည်ကြီး MMA (ဘက်စုံကိုယ်ခံ ပညာသုံးတိုက်ခိုက်ရေးပြိုင်ပွဲ) ကစားသမား မက်ဂရီဂေါ်က လာမည့်ပွဲစဉ်အား လက်ဝှေ့ပြိုင်ပွဲထက် MMA ပြိုင်ပွဲသာ ယှဉ်ပြိုင်ထိုးသတ်လိုကြောင်း တုံ့ပြန်ပြောကြားသည်။

UFC ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်း ချန်ပီယံဟောင်း မက်ဂရီဂေါ်သည် ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်တွင် နာမည်ကြီး အမေရိကန် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာနှင့် လက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရာ ၁၀ ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မက်ဂရီဂေါ်သည် လက်ဝှေ့စည်းမျဉ်းဖြင့် ပထမဆုံး ထိုးသတ်သည့်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း ယင်းပွဲသည် မြောက်အမေရိက၌ ရုပ်သံနှင့် အွန်လိုင်းမှ အခပေးဝယ်ယူကြည့်ရှုမှု (pay-par-view) ၄ ဒသမ ၃ သန်းရှိပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုမှု အများဆုံး လက်ဝှေ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို လက်မှတ်ရောင်းချရမှု၊ စပွန်ဆာစာချုပ် အပါအဝင် ကဏ္ဍအသီးသီးမှ ဒေါ်လာသန်း ၆၀၀ ကျော် ဝင်ငွေရရှိခဲ့သည်။ ထို့ကြောင့် ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကီယောင်းက လာမည့်နှစ် ဧပြီတွင် မက်ဂရီဂေါ်နှင့် ထိုးသတ်ရန် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ဖော်ပြောကြားရာ ၎င်းက ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် နောက်ထပ်ထိုးသတ်ချင်တဲ့ပွဲက တကယ့်တိုက်ခိုက်ရေးပွဲဖြစ်မှာပါ။ MMA ပွဲ ထိုးသတ်ဖြစ်မှာပါ” ဟု မက်ဂရီဂေါ်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။

မက်ဂရီဂေါ် (၂၉ နှစ်) သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် UFC လိုက်ဝိတ်တန်းချန်ပီယံဆု ရရှိပြီးနောက် MMA ပြိုင်ပွဲများ ထိုးသတ်မှု တစ်နှစ်ကျော်ကြာ ရပ်နားထားသည်။ UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒါနာဝှိုက်ကမူ မက်ဂရီဂေါ်အနေဖြင့် MMA ပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ဖွယ် မရှိတော့ကြောင်း သုံးသပ် ပြောကြားထားသည်။

Most Read

Most Recent