<

New Year Countdown IC Live Show ရန်ကုန်မြို့ မိုင်ဒါကွင်း၌ အခမဲ့ကျင်းပမည်

Iron Cross တီးဝိုင်း၏ ယခင်နှစ်နယူးရီးယားတွင် ဖျော်ဖြေတင်ဆက်မှု မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)

New Year Countdown IC Live Show ကို ရန်ကုန်မြို့ မိုင်ဒါကွင်း၌ အခမဲ့ ကျင်းပမည်ဖြစ်ပြီး Big9 TV Facebook နှင့် MRTV တို့မှ LIVE ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ နှစ်သစ်ကိုကြိုဆိုမည့် Iron Cross တီးဝိုင်း၏ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီတွင် စတင်မည်ဖြစ်ပြီး တေးသံရှင် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့ ပါဝင်တင်ဆက်မည် ဖြစ်ပြီး Iron Cross အဖွဲ့၏ မျိုးဆက်သစ် လူငယ်များဖြစ်သည့် တေးသံရှင် လမင်းခ၊ ငဲငယ်လေးတို့လည်း ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“Iron Cross ရဲ့ New Year Countdown Show ကို မိုင်ဒါကွင်းမှာ ပြုလုပ်ပါမယ်။ အဲဒီနေ့ကျရင်လည်း အမျိုးတွေအားလုံးလာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့အားလုံးနှစ်သစ်ကို တူတူကြိုနိုင်မှာပါ” ဟု ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည့် Iron Cross ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်လေးဖြူက ပရိသတ်များအား အသိပေး ပြောကြားခဲ့သည်။

နှစ်သစ်ကိုကြိုဆိုမည့် Iron Cross တီးဝိုင်း၏ ဖျော်ဖြေတင်ဆက်မှုအား ည ၈ နာရီ ၀န်းကျင်တွင် စတင်မည်ဖြစ်ပြီး ဖျော်ဖြေမှုတွင် တေးသံရှင်တစ်ဦးချင်းက ဦးစွာဖျော်ဖြေမည်ဖြစ်ကာ နှစ်ယောက်တွဲတင်ဆက်မှု၊ အဖွဲ့လိုက် တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Iron Cross အဖွဲ့၏ မျိုးဆက်သစ်လူငယ်များ၏ တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကာ Iron Cross တီးဝိုင်းမှ ဂီတပညာရှင်များ၏ လက်စွမ်းပြ တီးခတ်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲကို ည ၁၂နာရီတိုင်အောင် တင်ဆက်သွားမည်ဖြစ်ပြီး နှစ်သစ်ကို ကြိုဆိုပြီးမှသာ ဖျော်ဖြေပွဲအား ပြီးဆုံးစေမည်ဖြစ်ကြောင်း သိရသည်။

“IC ရဲ့ Countdown ပွဲရှိတယ်ဆိုတော့ အဲဒီပွဲမှာပဲ နယူးရီးယားကို ကြိုဖြစ်မှာပါ။ နှစ်တိုင်းလည်း IC နဲ့ ဖြတ်သန်းဖြစ်တာများတယ်။ အခုနှစ်လည်း သွားကြည့်ဖို့ဆုံးဖြတ်ထားတယ်။ ကိုယ်တိုင်လာမကြည့်နိုင်တဲ့သူတွေ အတွက်လည်း MRTV ကနေ လွှင့်မယ်ဆိုတော့ အိမ်မှာနေရင်း ကြည့်နိုင်သလို နိုင်ငံခြားကို ရောက်နေတဲ့သူတွေအတွက်လည်း Big9 TV Facebook Page မှာ Live လွှင့်မှာဖြစ်တဲ့ အတွက် အဆင်ပြေမှာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်နေမယ့် IC ပရိသတ်တွေရော၊ မြန်မာနိုင်ငံတစ်ဝန်းက IC ပရိသတ်တွေပါ နှစ်သစ်ကို အတူဖြတ်သန်းနိုင်မှာပါ” ဟု We Love IC Fans Group အဖွဲ့ဝင်ပရိသတ်တစ်ဦးက ဆိုသည်။

New Year Countdown Iron Cross Live Show အား အခမဲ့ကျင်းပမည်ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း တိုက်ရိုက်ကြည့်ရှု အားပေးနိုင်မည့်အပြင် Big9 TV Facebook Page မှလည်း ကြည့်ရှုအားပေးနိုင်မည့်အတွက် စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း သိရသည်။ New Year Countdown အစီအစဉ်များအား ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများ၌ ကျင်းပရန် စီစဉ်ထားကြပြီး အနုပညာရှင်များက ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကာ ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအ၀င်ဖြစ်သည်။ New Year Countdown အစီအစဉ်များတွင် အခမဲ့ဖျော်ဖြေပွဲများ ပါဝင်သကဲ့သို့ လက်မှတ် ရောင်းချသွားမည့် ဖျော်ဖြေပွဲများလည်း ပါဝင်ကြောင်း သိရသည်။

December 18, 2017














Copy Protected by Chetan's WP-Copyprotect.