ဆောင်ဂျွန်ကီ ၂၀၁၇ ခုနှစ်၏ အကောင်းဆုံးရုပ်သံ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရ

ဆောင်ဂျွန်ကီ ၂၀၁၇ ခုနှစ်၏ အကောင်းဆုံးရုပ်သံ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရ
Published 16 December 2017

ကိုရီးယားသုတေသနကုမ္ပဏီ Gallup Korea ၏ ဒီဇင်ဘာ ၁၄ ရက်ကထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင် Descendants of the Sun ဇာတ်လမ်းတွဲ၏ အဓိကဇာတ်ကောင် ဆောင်ဂျွန်ကီကို ၂၀၁၇ ခုနှစ်၏ အကောင်းဆုံး ရုပ်သံသရုပ်ဆောင်အဖြစ် ဖော်ပြခဲ့သည်။

Gallup Korea သည် ကိုရီးယားနိုင်ငံတစ်ဝန်းရှိ အသက် ၁၃ နှစ်နှင့်အထက်ရှိ လူ ၁,၇၀၀ ကို နိုဝင်ဘာ ၈ ရက်မှ ၂၈ ရက်အတွင်း စစ်တမ်းကောက်ခံခဲ့ရာတွင် ဆောင်ဂျွန်ကီက စုစုပေါင်းမဲအရေအတွက် ၁၇ ဒသမ ၉ ရာခိုင်နှုန်းဖြင့် နံပါတ် ၁ နေရာ၌ ဦးဆောင်ခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဆောင်ဂျွန်ကီသည် ၂၀၁၀ ပြည့်နှစ်ကထုတ်လွှင့်ခဲ့သည့် သမိုင်းနောက်ခံဇာတ်လမ်းတွဲ Sungkyunkwan Scandal နှင့် Running Man ရုပ်သံအစီအစဉ်တို့ဖြင့် အောင်မြင်ခဲ့သည်။

ဆောင်သည် ၂၀၁၅ ခုနှစ်တွင် စစ်မှုတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် Descendants of the Sun ဇာတ်လမ်းတွဲဖြင့် အနုပညာလောကသို့ တစ်ကျော့ပြန်ဝင်ရောက်ခဲ့သည်။ ဆောင်သည် Forbes ၏ ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင်စာရင်းတွင်လည်း နံပါတ်နှစ်အဖြစ် ဖော်ပြခံခဲ့ရသည်။

ဆောင်ဂျွန်ကီ၏ ဇနီးဆောင်းဟေကိုသည် ထောက်ခံမဲ ၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အဆိုပါစာရင်း၏ တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကို၏ အောက်တိုဘာလတွင် လက်ထပ်ပွဲကျင်းပခဲ့မှုသည်လည်း သတင်းထူးဖြစ်ခဲ့သည်။

Guardian: The Lonely and Great God ဇာတ်လမ်းတွဲ၏ အဓိကအမျိုးသားဇာတ်ကောင်ဂေါင်ယိုးသည် ထောက်ခံမဲ ၁၀ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ၂၀၁၇ ခုနှစ် အကောင်းဆုံး ရုပ်သံသရုပ်ဆောင်စာရင်း၏ ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။

Love In the Moonlight ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်ပက်ဘိုဂမ်သည် ထောက်ခံမဲ ၈ ဒသမ ၃ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ While You Were Sleeping ဇာတ်လမ်းတွဲတွင်ပါဝင်ခဲ့သည့် Lee Jong-suk နှင့် Bae Suzy သည် အဆိုပါစာရင်း၏ ပဉ္စမနှင့် ဆဋ္ဌမနေရာတွင် ဖော်ပြခံခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် ဇာတ်လမ်းတွဲအသစ်များ ထုတ်လွှင့်ခဲ့သော်လည်း Descendants of the Sun ဇာတ်လမ်းတွဲကဲ့သို့ အကြီးအကျယ်အောင်မြင်သည့် ဇာတ်လမ်းတွဲမရှိခဲ့ဟု Gallop ကထုတ်ပြန်ခဲ့သည်။

Most Read

Most Recent