ဝိန်းစတိန်း၏ တုန်လှုပ်ချောက်ချားဖွယ် လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုများအကြောင်းကို သရုပ်ဆောင် ဆယ်မာဟေးရက် ထုတ်ဖော်ပြောကြား

ဝိန်းစတိန်း၏ တုန်လှုပ်ချောက်ချားဖွယ် လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုများအကြောင်းကို သရုပ်ဆောင် ဆယ်မာဟေးရက် ထုတ်ဖော်ပြောကြား
Published 15 December 2017

Photo: AFP

ဟောလိဝုဒ် ‘အေ’ စာရင်းဝင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဆယ်မာဟေးရက်က ဟောလိဝုဒ်အထင်ကရထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက ၎င်းကို လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခဲ့ပြီး သတ်ပစ်မည်ဟု တစ်ချိန်က ခြိမ်းခြောက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဝိန်းစတိန်းကိုစွပ်စွဲခဲ့သည့် သရုပ်ဆောင်များစာရင်း၌ ပါဝင်လာခဲ့သည်။

“ဝိန်းစတိန်းက ကျွန်မအတွက် ကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီးပါပဲ” ဟု မက္ကဆီကန်ဖွား သရုပ်ဆောင်ဟေးရက်က နယူးယောက်တိုင်းမ်သတင်းစာတွင် ဆောင်းပါး၌ ရေးသားခဲ့သည်။ ၂၀၀၂ ခုနှစ်ကဖြန့်ချိခဲ့သည့် Frida ဇာတ်ကားရိုက်ကွင်းတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ အနိုင်ကျင့်မှုနှင့် ခြိမ်းခြောက်မှုများကိုလည်း ၎င်းက အသေးစိတ်ဖော်ပြခဲ့သည်။

ဝိန်းစတိန်းနှင့် ၎င်းပိုင်ဆိုင်သည့် Miramax ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ရန် အခွင့်အရေးရရှိခဲ့သည့်အတွက် ကျေနပ်အားရခဲ့သော်လည်း ဝိန်းစတိန်းထံမှ လိင်ဆက်ဆံရန် ချဉ်းကပ်မှုနှင့် တောင်းဆိုမှုများကို ငြင်းဆိုခဲ့ရသည့်အကြောင်း ဆောင်းပါးတွင် ရေးသားခဲ့သည်။

“ညဘက်မှာ သူ့ကိုဟိုတယ်အခန်းတံခါး မဖွင့်ပေးခဲ့ဘူး။ သူနဲ့ ရေချိုးခွင့်မပေးခဲ့ဘူး။ ကျွန်မရေချိုးတာကို သူ့ကိုကြည့်ခွင့်မပေးခဲ့ဘူး။ သူ့ကို နှိပ်နယ်မပေးခဲ့ဘူး။ သူ့ရဲ့ ကိုယ်တုံးလုံးမိတ်ဆွေကို ကျွန်မနှိပ်မပေးခဲ့ဘူး။ သူ့ကို ပါးစပ်နဲ့မဆက်ဆံခဲ့ဘူး။ ကျွန်မ အခြားအမျိုးသမီး သရုပ်ဆောင်တစ်ဦးနဲ့ အဝတ်ဗလာဇာတ်ဝင်ခန်းရိုက်တာကို ကြည့်ခွင့်မပေးခဲ့ဘူး” ဟု အသက် ၅၁ နှစ်အရွယ်ရှိ သရုပ်ဆောင်၊ ထုတ်လုပ်သူ ဟေးရက်က ပြောကြားခဲ့သည်။

မိမိ၏ငြင်းဆန်မှုများကို ဝိန်းစတိန်းက ဒေါသူပုန်ထခဲ့ပြီး မိမိကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဟေးရက်က ပြောကြားခဲ့သည်။ ဝိန်းစတိန်းက Frida ဇာတ်ကားထုတ်လုပ်ရေးကို ပိတ်သိမ်းမည်ကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းဇာတ်ကားတွင် အခြားအမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံသည့် ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ကူးရန် ဝိန်းစတိန်းက ဖိအားပေးခဲ့ကြောင်း ဟေးရက်က ရေးသားခဲ့သည်။

“ကျွန်မရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်တဲ့ အဲဒီဇာတ်ဝင်ခန်းကို ရိုက်ခဲ့တဲ့အချိန်မှာ ကျွန်မအရမ်းကို ကြောက်ရွံ့တုန်လှုပ်ခဲ့ရတယ်” ဟု ဟေးရက်က ပြောကြားခဲ့သည်။ ဟေးရက်၏စွပ်စွဲမှုများကို ဝိန်းစတိန်းက ငြင်းဆိုခဲ့သည်။ မက္ကဆီကို အနုပညာရှင် Frida Kahlo ၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသည့် Frida ဇာတ်ကားသည် အော်စကာဆုနှစ်ဆုရရှိခဲ့ပြီး ယင်းအချိန်က လက်မှတ်ရောင်းချမှု ဝင်ငွေဒေါ်လာ ၅၆ သန်းရရှိခဲ့သည်။ ဟေးရက်သည် ယင်းဇာတ်ကားဖြင့် အော်စကာဆုအတွက် လျာထားခံခဲ့ရသည်။

Most Read

Most Recent